ပြင်ပလူတွေလုံးဝအဝင်မခံပါဘူး။
Ye Yint Htay

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် (၇)မြို့နယ်ကို ဒီကနေ့ကစပြီး အသွား၊အလာတွေကန့်သတ်ကာ သက်ဆိုင်ရာရပ်ကွက်ထိပ်တွေမှာလည်း စစ်ဆေးရေးဂိတ်တွေနဲ့ ပြင်ပလူအဝင်အထွက်ကို စစ်ဆေးလျှက်ရှိပါတယ်။

Semi Lock Down အဖြစ် ပြင်ပလူအဝင်အထွက်ကန့်သတ်လိုက်တဲ့ မြို့နယ်တွေက လက်ရှိရန်ကုန်မှာ Covid 19 ရောဂါပိုးလူနာတွေ့ရှိထားတဲ့ တောင်ဥက္ကလပမြို့နယ်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်နဲ့ မရမ်းကုန်းမြို့နယ်တို့ဖြစ်ပါတယ်။ 

“ ကျွန်တော်တို့ဆီ ညွှန်ကြားချက်ထုတ်ထားတဲ့အတိုင်း ဒီအမိန့်က ဒီကနေ့ကစပြီးအကျုံးဝင်မှာပါ။ ညွှန်ကြားချက်ထဲမှာ ပါရှိတဲ့အတိုင်း မြို့နယ်ထဲကလူတွေကို Stay Home နေရမယ်ဆိုတော့ သူတို့ကိုလည်း မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ ပြီးတော့ ပြင်ပလူ လုံးဝအဝင်မခံပါဘူး။တာဝန်ရှိသူတွေအနေနဲ့ ရပ်ကွက်ထိပ်တွေမှာ ဂိတ်တွေထားပြီး စောင့်ကြည့်သွားမယ်။ နောက်ထပ်ညွှန်ကြားချက်မထုတ်မချင်း ဒီအမိန့်က သက်ရောက်မှုရှိနေမှာပါ" လို့ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက Duwwun ကိုပြောပါတယ်။

Semi Lock Down မြို့နယ်ထဲမှာ ပန်းဘဲတန်းမြို့နယ်လည်းပါဝင်ပြီး ပန်းဘဲတန်းမြို့နယ်မှာဆိုရင် Covid 19 အတည်ပြုလူနာ(၅)ဦးရှိကာ (၁)ဦးသေဆုံးသွားပြီဖြစ်ပါတယ်။ အခုလို ရောဂါပိုးတွေ့ရှိတဲ့ လူနာတွေနေထိုင်ရာ မြိုကနယ်တွေက ပြည်သူတွေကို Stay Home နေခိုင်းပြီး Semi Lock Down လုပ်လိုက်တာက Covid 19 ရောဂါကို ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတစ်ရပ်အနေနဲ့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြင်မိတယ်လို့ ဦးသန်းနိုင်ဦးက ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ Covid 19 ကူးစက်ခံရသူ (၉၄)ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးက (၇၆)ဦးပါဝင်နေကာ သေဆုံးသူ (၅)ဦးမှာလည်း ရန်ကုန်တိုင်းက (၂)ဦးပါဝင်နေပါတယ်။


က္က