အပင်တွေကိုတက်နင်းလို့ ပန်းပင်တွေကျိုးခဲ့ပါတယ်။
Ei Ei Htun

ပန်းခြံထဲ ဓာတ်ပုံဝင်ရိုက်တဲ့ သူတွေက ဖောက်ထားတဲ့လမ်းအတိုင်းမသွားဘဲကန့်လန့်ဖြတ်တွေဝင်ကြတာကြောင့် ပန်းခင်း တစ်ဧကရဲ့ (၃)ရာခိုင်နှုန်းလောက် အပင်တွေကျိုးပြီးပျက်စီးခဲ့တယ်လို့ ခြံမန်နေဂျာ ကိုမင်းအောင်ဦးက ပြောပါတယ်။ 

လူတွေအားလုံးစိတ်ဝင်စားမှုရှိပြီး ပြင်ဦးလွင်မြို့က လိမ္မော်ရောင်ပန်းတွေနဲ့ ပြည့်ကာ လှပလျှက်ရှိတဲ့ ထပ်တရာ ပန်းခြံကြီးကိုတော့ အခုချိန်မှာ လူတွေရဲ့စည်းကမ်းမရှိမှုကြောင့် ပန်းခင်းထဲ ဓာတ်ပုံဝင်ရိုက်ခွင့်ကို ပိတ်လိုက်ရခြင်းဖြစ်တယ်လို့ ခြံတာဝန်ရှိသူကပြောပါတယ်။ ယခင်က ပန်းခင်းထဲကို မည်သူမဆိုအလှဓာတ်ပုံတွေဝင်ရိုက်ခွင့်ပြုခဲ့ပေမယ့် အခုချိန်မှာတော့ စည်းကမ်းမရှိတဲ့လူတချို့ကြောင့် ပန်းခင်းထဲက အပင်တွေကျိုးကုန်တဲ့ အထိဖြစ်ခဲ့ရပါတယ်။

"ကျွန်တော်တို့က ဓာတ်ပုံလာရိုက်သူတွေကို ပန်းခင်းထဲမှာ အမှိုက်တွေကို အရမ်းမစွန့်ပစ်ဖို့၊ ပန်းပင်တွေမကျိုးလဲဖို့၊ စည်းကမ်းရှိဖို့တွေကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်ပါတယ်။ လူကတော်တော်များတယ် တစ်နေ့ကို ထောင်ဂဏန်းလောက်လာတယ်။ ပထမပိုင်းမှာတော့ (၄)ဧကလုံးကိုပေးဝင်တယ်။(၃)ရက်လောက်ကြာတော့ ထိန်းမရတော့ဘူး။တော်တော်များများက အရမ်းကာရောတွေဝင်တယ်၊ လမ်းအတိုင်းမသွားဘူး။ ကန့်လန့်တွေသွားတော့ ပန်းပင်တွေကကျိုးလာပြီ။ ဒီလိုကတော့ မဖြစ်ဘူး ကန့်သတ်မှဖြစ်တော့မယ်ဆိုပြီး ဓာတ်ပုံရိုက်ခွင့်ကို ပိတ်လိုက်တာဖြစ်တယ်" လို့ ခြံမန်နေဂျာ ကိုမင်းအောင်ဦးက Duwun ကိုပြောပါတယ်။

ထပ်တရာပန်းခြံကြီးမှာ ဓာတ်ပုံဝင်ရိုက်ခွင့်ကို နိုဝင်ဘာ(၁၉)ရက်နေ့ စတင်ပြီး ပိတ်ခဲ့တာပါ။ ခြံတာဝန်ရှိသူတွေအနေနဲ့ အဆိုပါပန်းတွေကို ရောင်းဖို့အတွက် အဓိက စိုက်ပျိုးထားတာဖြစ်ပြီး ပန်းခင်းကြီးကလှနေတော့ အများပြည်သူတွေကို အလှတရားတွေခံစားနိုင်အောင်ဆိုပြီး ဓာတ်ပုံဝင်ရိုက်ခွင့်တွေကို ခွင့်ပြုခဲ့တာလည်းဖြစ်တယ်လို့ ကိုမင်းအောင်ဦးက ပြောပါတယ်။

လှပတဲ့ ထပ်တရာပန်းခြံကြီးဟာ ဧက (၄)ဧကကျယ်ဝန်းပြီးတော့ အပင်တွေကျိုးပြီးထိခိုက်ပျက်ဆီးမှုက တစ်ဧကစိုက်ခင်းရဲ့(၃)ရာခိုင်နှုန်းလောက် ဆုံးရှုံးခဲ့တယ်လို့ ခြံမန်နေဂျာကပြောပါတယ်။ ဒီပန်းခင်းကြီးဖြစ်လာဖို့ လွန်ခဲ့တဲ့ သြဂုတ်လက အပင်တွေကို စိုက်ပျိုးခဲ့တာဖြစ်ပြီး (၃)လလောက်အကြာမှာ အခုလို လှပတဲ့ ပန်းခင်းမျိုးကြီးဖြစ်လာခဲ့တာပါ။ဒီစိုက်ခင်းကို ပထမအကြိမ်စမ်းပြီးစိုက်ပျိုးခဲ့ရာမှာလက်ရှိမှာတော့ အောင်မြင်တယ်လို့ ပြောလို့ရကြောင်းဆိုပါတယ်။ လာရောက်လည်ပတ်တဲ့ပြည်သူတွေကိုတော့ ပန်းခင်းထဲဝင်ရောက်ပြီးဓာတ်ပုံရိုက်ခွင့်ကို ပိတ်ထားပေမယ့် ခြံရဲ့အပြင်ဘက်ကတော့ ရိုက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။


က္က