၂၈ ရက်အတွင်း ရောဂါဖြစ်ပွားသူ ထပ်မတွေ့မှ ကူးစက်ဖြစ်ပွားခြင်း ရှိတော့ဘူးလို့ ယူဆနိုင်မှာပါ။
Mi Thawdar Aung

ဈေးတွေမှာ ခပ်ခွာခွာနေထိုင်ခြင်း (Social Distancing) စနစ်ကို လုံးဝဂရုမစိုက်သလို တိုးနေကြတာက ရောဂါပျံ့နှံ့ဖို့ကို အားပေးနေရာ ရောက်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ဇွန်လ ၈ ရက်မှာ လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောလိုက်ပါတယ်။

ကိုဗစ်ကာကွယ်ရေးလုပ်ငန်းမှာ ကျန်းမာရေးဝန်ကြီးနဲ့ကျန်းမာရေးဝန်ထမ်းတွေ စိတ်ပူနေရတဲ့ အလိုအပ်ဆုံးနဲ့ လုပ်ရအခက်ခဲဆုံးကိစ္စဟာ Social Distancing စနစ်နဲ့ နေထိုင်ဖို့ ညွန်ကြားရခြင်းဖြစ်တယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။

“အချို့က social distancing အစား ‘ခန္ဓာကိုယ် အရ ခွာခွာနေခြင်း’ လို့အဓိပ္ပါယ်သက်ရောက်တဲ့ physical distancing ဆိုတဲ့အသုံးအနှုန်းကပိုပြီးသင့်တော်တယ်လို့ယူဆပါတယ်။ ဘယ်အသုံးအနှုန်းကိုပဲရွေးရွေး၊ လုပ်ရတာကတော့ သိပ်မလွယ်တဲ့ကိစ္စပါ။ တစ်သက်တာအလေ့အကျင့်အရ လူသားများအကြား အထိအတွေ့ကတော့ရှိနေတတ်တာပါပဲ။ ဒါဟာကျွန်မတို့ကျန်းမာရေးကိုတာဝန် ယူရတဲ့ဝန်ကြီးဌာနအတွက်စိုးရိမ်စရာဖြစ်ပါတယ်။ အထူးသဖြင့် ဈေးတွေမှာ social/physical distancing ကိုလားလားမှဂရုမစိုက်သလိုတိုးနေကြတာကရောဂါပျံ့ဖို့အားပေးနေသလိုပါပဲ။ကျွန်မတို့ကိုအင်မတန်ဂရုစိုက်တဲ့ကျန်းမာရေးဝန်ကြီးစိတ်သက်သာစေဖို့ ကြိုးစားပြီးညွှန်ကြားချက်များနဲ့အညီ ခွာခွာနေကြပါ။ ဈေးရောင်း၊ဈေးသွားသူများ အထူးဂရုစိုက်စေချင်ပါတယ်။ Maskတပ်ဖို့၊ လက်ဆေးဖို့လည်းမမေ့ပါနဲ့။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါ့အပြင် လောလောဆယ်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေကို မလိုက်နာသူများ ရှိနေပြီး ရောဂါပျိုးချိန်ကာလအတွင်း လက္ခဏာမပြသေးသူတွေ၊ ရောဂါမဖြစ်သေးသူတွေ ရှိနေနိုင်တာကြောင့် တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ ကူးစက်ပြန့်ပွားမှုတွေ အများအပြားဖြစ်ပေါ်နိုင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးပြောခဲ့ပါတယ်။ 

ပြည်သူတွေ သတိပြုရမယ့်အချက်မှာ ရောဂါဖြစ်ပွားသူတွေ နေရာအနှံ့အပြားက အစုလိုက်အပြုံလိုက် တစ်ပြိုင်နက်နီးပါး ပေါ်လာနိုင်တာကြောင့် ဒီလိုဖြစ်လာခဲ့ရင် ရောဂါထိန်းချုပ်ဖို့ခက်ခဲလာပြီး မနိုင်မနင်းဖြစ်လာမယ်လို့ ဒေါက်တာမြင့်ထွေးက ဇွန်လ ၇ ရက်နေ့က ပြောကြားခဲ့တာပါ။

COVID-19 ရောဂါပျိုးချိန်ရဲ့ နှစ်ဆကာလဖြစ်တဲ့ ၂၈ ရက်အတွင်း ရောဂါဖြစ်ပွားသူ ထပ်မတွေ့တော့မှ ကူးစက်ဖြစ်ပွားခြင်းမရှိတော့ဘူးလို့ ယူဆနိုင်ကြောင်း၊ ဒီလို အခြေအနေရောက်ရှိသွားရင်လည်း ထိန်းချုပ်မှုလုပ်ငန်းတွေကို ချက်ချင်းလွှတ်လို့မရနိုင်ကြောင်း၊ တဖြည်းဖြည်းချင်းလျှော့ချရမှာဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာမြင့်ထွေးကဆိုပါတယ်။

ဒါကြောင့်ပြည်သူတွေနဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူတွေဟာ ကျန်းမာရေးအသိပညာပေးနှိုးဆော်ချက်တွေနဲ့ လမ်းညွှန်ချက်တွေကို ဆက်လက်လိုက်နာကြဖို့နဲ့ လုံးဝလုံးဝမမပေ့ါဆကြဖို့ ထပ်မံတိုက်တွန်းလိုကြောင်း ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာမှာ မေလဒုတိယပတ်လောက်ကနေ လက်ရှိ ဇွန်လဆန်းအထိ ပြည်ပက ပြန်လာသူတွေမှာပဲ ရောဂါပိုးတွေ့ရှိမှုနှုန်းတွေ ဆက်တိုက်မြင့်တက်နေပြီး အခုချိန်မှာ ကူးစက်ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိတော့ ထိန်းချုပ်ထားနိုင်တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က