ဒီနေ့ကျရောက်တဲ့ အောက်တိုဘာလ ၁၀ရက်နေ့ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဖြစ်ပါတယ်။ ဒီနှစ်ဆောင်ပုဒ်ကတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ကာကွယ်တားဆီးဖို့ပဲ ဖြစ်ပါတယ်။
Thin Nu Swe

အောက်တိုဘာလ ၁၀ ရက်နေ့ကတော့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ပဲဖြစ်ပါတယ်။ ဒီနှစ်ရဲ့ အဓိကအရေးကြီးဆုံးအပိုင်းအနေနဲ့ သေကြောင်းကြံစည်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ကမ္ဘာတစ်ဝန်းမှာ ပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။ WHO ရဲ့ ထုတ်ပြန်ချက်စာရင်းအရ စက္ကန့် လေးဆယ်တိုင်းမှာ လူတစ်ဦး မိမိကိုယ်မိမိ သေကြောင်းကြံစည်ပြီး အသက်ဆုံးရှုံးရတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်မှာ World Mental Health Day ရဲ့ ဆောင်ပုဒ်ကို "သေကြောင်းကြံစည်မှု တားဆီးရေး" အဖြစ် ရွေးချယ်ထားတာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ

လူရယ်လို့ ဖြစ်လာပြီဆိုရင် စိတ်ဆင်းရဲစရာတွေ ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ၊ စိတ်ညစ်ပူဆွေး စိတ်ဓာတ်ကျရတာတွေမျိုးစုံနေအောင် ခံစားရပါတယ်။ ဒီလို ခံစားရတဲ့အခါမျိုးတွေမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို အဆုံးစွန်ထိရောက်မသွားရလေအောင် ကြိုးစားထိန်းချုပ်နေကြရတဲ့သူတွေချည်းပါပဲ။ စိတ်ဓာတ်ကျဆင်းချိန်မှာ ရင်ဆိုင်ရတဲ့ အဆိုးဝါးဆုံး ပြဿနာဟာ လှောင်ပြောင်တိုက်ခိုက်တဲ့ စကားလုံးတွေကို ရင်ဆိုင်ရတာ ၊ စော်ကားတဲ့ အပြုအမှုတွေကို သည်းမခံနိုင်တာ ၊ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရတာ စတာတွေ ကြုံလာခဲ့ပြီဆိုရင်တော့ လောကကြီးကနေ ထွက်ခွာသွားတဲ့အထိ အဆိုးဝါးဆုံး တုံ့ပြန်မှုကို တုံ့ပြန်သွားတတ်ကြပါတယ်။ အနီးစပ်ဆုံး ဥပမာပေးရရင် လုပ်ငန်းခွင်တွင်း အနိုင်ကျင့်ဖိနှိပ်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ စာကြည့်တိုက်မှူး ကိုကျော်ဇင်ဝင်း ၊ ဘဝဖြစ်တည်မှုအပေါ် လက်မခံနိုင်တဲ့ ဦးလေး နဲ့ ဖခင်ကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ကျောင်းသား ကိုကောင်းသန့်ကိုကို တို့ပဲဖြစ်ပါတယ်။

Photo:Kyaw Zin Win

လူတိုင်းမှာ ပတ်ဝန်းကျင်ကပြောမှာကြောက်တယ်ဆိုတဲ့ အကြောက်တရားလေးတွေ ကိုယ်စီရှိတတ်ကြပါတယ်။ ဒီလိုအကြောက်တရားတွေဟာ သာမန်ချိန်မှာ မသိသာပေမယ့်လည်း စိတ်ဓာတ်ကျနေချိန်မှာတော့ ဘဝရဲ့ အဆုံးစွန်ထိကို ရောက်သွားစေနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။

လူငယ်တွေအများစုခံစားနေရတဲ့ စိတ်ကျရောဂါ

စိတ်ဓာတ်ကျရောဂါဆိုတာ အသက်အရွယ် ကျားမမရွေးဖြစ်တတ်တဲ့ စိတ်အခြေအနေဖြစ်ပြီး လက်ရှိမှာတော့ လူငယ်အများစုခံစားနေရကြောင်း စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာဒေါက်တာ ခင်မြင့်က Duwun ကို ပြောပါတယ်။

“များသောအားဖြင့် ဘဝမှာ ရုတ်ချည်းဖြစ်လာတဲ့ ကိုယ်ကိုယ်တိုင် မရင်ဆိုင်နိုင်တဲ့ အပြောင်းအလဲတွေ ကြုံတွေ့လာတဲ့အခါမှာ စိတ်ကျရောဂါဖြစ်တတ်တယ်။ ဥပမာအားဖြင့် အလုပ်မှာ အဆင်မပြေတာ ၊ အလုပ်ပြုတ်သွားတာ ၊ အမေသေတာ အဲဒီလိုအခြေအနေတွေမှာ စိတ်ကျရောဂါဖြစ်နိုင်တယ်။ နောက်တစ်ခုက ဒီလိုအခြေအနေတွေဖြစ်တိုင်း စိတ်ကျရောဂါဖြစ်သလားဆိုတော့ မဟုတ်ဘူး။ မူရင်းသူ့ရဲ Personality ကိုယ်ရည်ကိုယ်သွေး အခြေခံမှာ သိနိုင်တယ်။ ဒီလိုပြောင်းလဲမှုတွေ ၊ လောကဓံရဲ့ အရိုက်အပုတ်တွေကို ခံနိုင်ရည်အားရှိတဲ့ ၊ စိတ်ဓာတ်ခွန်အား ရှိတဲ့လူတွေမှာ စိတ်ကျရောဂါမဖြစ်နိုင်ပေမယ့် ကလေးဘဝတည်းက ကိုယ်ရည်ကိုယ်သွေးပိုင်းအားနည်းတဲ့ကလေးတွေ ၊ မိသားစုထဲမှာ ကိုယ်ရည်ကိုယ်သွေးပိုင်းအားနည်းတဲ့ ကလေးတွေ ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအားနည်းတဲ့ကလေးတွေက တောက်လျှောက် အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ ရင်ဆိုင်ရပြီဆိုရင် စိတ်ကျဝေဒနာခံစားလာရတာပေါ့။’

Photo:Prof Khin Myint

စိတ်ကျဝေဒနာတွေအတွက် ကုထုံးတွေ

စိတ်ကျဝေဒနာခံစားရပြီဆိုရင် များသောအားဖြင့် တစ်ယောက်တည်းနေတာတွေ ပိုများပါတယ်။ တကယ်တော့ စိတ်ကျဝေဒနာခံစားရသူတွေအနေနဲ့ လူအများစုနဲ့ နေတာမျိုး ၊ ကိုယ့်ဝေဒနာကို ရင်ဖွင့်ပြောဆိုတာမျိူးတွေ လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလို စိတ်ကျဝေဒနာတွေကို ကုသရမယ့် ကုထုံးကိုလည်း ပရော်ဖက်ဆာ ဒေါက်တာ ခင်မြင့်က Duwun ကို ဆက်ပြောပါတယ်။

“ဒီလို စိတ်ဓာတ်ကျ ရောဂါတွေကို ကုစားဖို့ အကောင်းဆုံးနည်းလမ်းကတော့ Counseling လုပ်တာပဲ။ Counseling Psychologist ဆီကို သွားပြီး ကိုယ့်ရဲ့ ပြဿနာကို ပြောပြဆွေးနွေးရတယ်။ ဒီလို ကုသပေးလို့ရတယ်။ ဒီ့ထက်ပိုပြင်းထန်လာပြီဆိုရင်တော့ interpersonal therapy လို့ခေါ်တာပေါ့။ ပုဂ္ဂိုလ်တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံပေးပြီး ပြုပြင်ပေးတဲ့ကုထုံးပေါ့။ ဒါလည်း အသုံးများတာပဲ။ နောက်တစ်မျိုးကတော့ cognitive behavioral therapy သိမှုနဲ့ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲခြင်း therapy ပေးရတယ်။ စိတ်ဝေဒနာရှင် ၊ စိတ်ဓာတ်ကျရောဂါသည်မှာ သူ့မှာ လွဲမှားတဲ့ အသိ ၊ လွဲမှားတဲ့ အပြုအမူရှိနေတယ်။ Negative အမြင်တွေကို Positive ဘက်ကို ပြောင်းပေးပြီး ကုပေးရမယ်။ ဒီသုံးခုကတော့ အသုံးအများဆုံးပဲ။ စိတ်ဓာတ်ကျနေသူတွေအနေနဲ့ ကိုယ့်ကို Psycho Social Support ပေးမယ့်သူတွေရှိမယ့်နေရာ ၊ အသိုင်းအဝိုင်းမှာနေပြီး ကိုယ့်ရဲ့ အခက်အခဲတွေကို ပြောဆိုဆွေးနွေးတာမျိုး လုပ်ပေးရမယ် ၊ နောက်ပြီးတော့ လူမှုအသိုင်းအဝိုင်းကနေ ရှောင်ခွာမသွားရဘူး။ စိတ်ဓာတ်ကျနေရင် တစ်ယောက်တည်းနေတတ်တယ်။ အဲဒီလိုမလုပ်ရဘူး။ လူမှုအသိုင်းအဝိုင်းကနေ ရှောင်ခွာမသွားရဘူး။ တစ်ယောက်တည်းနေရင် ပိုဆိုးတတ်တယ်"   

အထီးကျန်စိတ်ဓာတ်ကျနေသူတွေအတွက် ဝန်ဆောင်မှုတွေပေါ်ပေါက်

စိတ်ဓာတ်ကျသူတွေအတွက် အသုံးများတဲ့ Counseling ကုထုံးကို ခုလက်ရှိမှာတော့ ဝက်ဆိုက်တွေ ၊ ဖေ့ဘွတ်ပေ့ချ်တွေ နဲ့ ဖုန်း Application တွေကနေ တစ်ဆင့် ကိုယ်ခံစားနေရတာတွေ ရင်ဖွင့်ပြောဆိုလို့ရအောင် ဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။ ကိုယ် ဘယ်သူဘယ်ဝါဆိုတာ ဖွင့်ပြောစရာမလိုဘဲ ကိုယ်ဖြစ်နေတဲ့ စိတ်ခံစားချက်တွေ ကိုသာ အခကြေးငွေမယူဘဲ နှစ်သိမ့်ဆွေးနွေးပေးနေတယ်လို့ Counseling Platform တစ်ခုဖြစ်တဲ့ မီးပြတိုက်ရဲ့ Community Development Lead ဖြစ်တဲ့ ကို မင်းဉာဏ်လင်းက Duwun ကို ပြောပါတယ်။

Photo:MeePyaTike

"ဒီမီးပြတိုက်ကိုတော့ အထီးကျန်တဲ့သူတွေ ၊ သမီးရည်းစားကိစ္စတွေ ၊ အရမ်း Stress ဖြစ်နေတဲ့သူတွေ ၊ အလုပ်အကိုင်နဲ့ ပတ်သက်လို့ Challenge ဖြစ်နေတဲ့သူတွေ ၊ သတ်သေချင်စိတ်ပေါက်နေတဲ့သူတွေ ၊ ဆယ်ကျော်သက်လူငယ်တွေ အထူးသဖြင့် အသက်အရွယ်ရလာတဲ့အခါမှာ စိတ်ပြောင်းလဲမှုတွေ ၊ လိင်စိတ်ပြောင်းလဲမှုတွေကြောင့် ဆက်သွယ်တာများပါတယ်။ ကျွန်တော်တို့ကို ဖုန်းနဲ့ဆက်သွယ်လို့လည်းရတယ် ၊ မီးပြတိုက် မိုဘိုင်း Application နဲ့ ဆက်သွယ်တဲ့သူတွေတော့ ပိုများပါတယ်။ ည ၈နာရီကနေ ၁၂ နာရီအထိ အပြန်အလှန်စကားပြောလို့ရတယ်။ ၁၅မိနစ်တစ်ခါ စကားပြောလို့ရတယ်။ ရင်ဖွင့်သူတွေအနေနဲ့လည်း ကိုယ့်အကြောင်းကို ပြောပြစရာမလိုဘဲ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို အခကြေးငွေပေးစရာမလိုဘဲ စကားပြောရင်ဖွင့်လို့ရတယ်။ ကျွန်တော်တို့ Train ပေးထားတဲ့ နားထောင်သူတွေက နားထောင်ပေးပါတယ်။ ကျွန်တော်တို့က စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အရမ်းအခြေခံကျတဲ့ နည်းလမ်းတွေနဲ့ နားထောင်ပေးတယ် ၊ နှစ်သိမ့်ပေးတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာက အရမ်းကြီးလာခဲ့မယ်ဆိုရင် သက်ဆိုင်ရာနေရာတွေနဲ့ ချိတ်ပေးတာမျိုးတွေ လုပ်ပေးပါတယ်။”

ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အမှုတွေ ဖြစ်မလာနိုင်တော့အောင် ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာမျိုးတွေကို ကာကွယ်တားဆီးနိုင်အောင် မီးပြတိုက်သာမက ရင်ဖွင့်ရာ ၊ Call Me Today ၊ Counseling Corner စတဲ့ Counseling လုပ်လို့ရတဲ့ Center တွေပေါ်ပေါက်လာပြီး အထီးကျန်သူ ၊ ဝမ်းနည်းနေသူတွေ နဲ့ စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် ညပိုင်းတွေမှာ ကိုယ့်ရဲ့ ခံစားချက်တွေကို ဖွင့်ဟဖော်ထုတ်လို့ရတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို တစ်ယောက်တည်း ကျိတ်ခံစားမနေဘဲ ဖွင့်ဟရင်ဖွင့်ရင်း ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ကောင်းမွန်အောင် ပြုစုစောင့်ရှောက်ဖို့ လိုပါတယ်။

 

 

 

 


က္က