မြို့သူမြို့သားတွေရဲ့ လူနေထိုင်မှုဘဝတိုးတက်အောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့လို့ ရရှိတာပါ။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဟာ စင်ကာပူနိုင်ငံ ကပေးတဲ့ ၂၀၁၉ ခုနှစ် The Rising Star Award ကို ရရှိခဲ့တယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

စင်ကာပူနိုင်ငံ အခြေစိုက် GovInsider Magazine ကကျင်းပတဲ့ Rising Star Award ပေးအပ်ပွဲ ။

အာဆီယံဒေသတွင်း အစိုးရတွေရဲ့ ပြုပြင်ပြောင်းလဲ တီထွင်ဆန်းသစ်မှုကို အစီရင်ခံစာရေးသားတဲ့ စင်ကာပူနိုင်ငံ အခြေစိုက် GovInsider Magazine က ဒီဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဆုပေးအပ်တဲ့အစီအစဉ်ဟာ မြို့သူမြို့သားတွေရဲ့ လူနေထိုင်မှုဘ၀ ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင် ဆောင်ရွက်နိုင်ခဲ့တဲ့ အစိုးရ၊ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို Rising Star Award ချီးမြှင့်တာဖြစ်ပါတယ်။

ဆုရရှိတဲ့ အစိုးရအဖွဲ့အစည်းတွေဟာ ဆန်းသစ်တီထွင်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့ကြလို့ အဆိုပါ ဆုကို ရရှိကြတာဖြစ်တယ်လို့သိရပါတယ်။

ပြုပြင်ပြောင်းလဲမှုဆောင်ရွက်တဲ့ အခါ သမာရိုးကျမဟုတ်တဲ့ လမ်းကြောင်းသစ်၊ စနစ်သစ်တွေနဲ့ အကောင်အထည်ဖော်နိုင်ခြင်း၊ ဝန်ထမ်းတွေ၊ မြို့သူမြို့သားတွေကို စိတ်ဓာတ်ရှင်သန်နိုးကြားစေနိုင်ခြင်းတို့ကို အခြေခံပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ အဲဒီအချက်တွေနဲ့ကိုက်ညီလို့ ၂၀၁၉ ခုနှစ် The Rising Star Award ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဆုကို International Panel of Judges တွေအကဲဖြတ်ရွေးချယ်ခဲ့တာဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ထိုင်းနိုင်ငံ ကုလသမဂ္ဂ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို့ဟာ ၂၀၁၈၊၂၀၁၉ ခုနှစ်မှာ အာဆီယံဒေသတွင်း စမတ်စီးတီး (၁၀) နိုင်ငံ ရွေးချယ်ခဲ့ရာ အဆင့် (၅) နေရာမှာ နှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့တော်စည်ပင်က တာဝန်ယူဖွင့်လှစ်ထားတဲ့ လမ်း (၇၀)၊ (၂၆-၂၇) လမ်းအတွင်းက လမ်းဘေးသန့်စင်ခန်းမှာ ASEAN Public Toilet Award 2019-2021 ရရှိခဲ့တာဖြစ်ပါတယ်။

ဂျပန်အခြေစိုက် ASOCIO အဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ်အတွက် Smart City ဆုကို မန္တလေးမြို့ရရှိခဲ့သလို ၂၀၁၉ ခုနှစ် ၁၀ ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဆုကိုလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ရရှိခဲ့တယ်လို့ သိရပါတယ်။



က္က