စတင်စစ်ဆေးနိုင်ဖို့ အနည်းဆုံး တစ်ပတ်ခန့် ‌စောင့်ရပါအုံးမယ်။
Kyaw Ko Ko Sint

မူလက တစ်နေ့ကို လူ ၃၀၀ဝန်းကျင်လောက်သာ စစ်နိုင်တာဖြစ်ပြီး စက်အသစ်စတင် အသုံးပြုနိုင်ချိန်ကစပြီး ၁၅၀၀ ဝန်းကျင်လောက် တစ်ရက်ကို စစ်နိုင်တော့မှာပါ။

မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ COVID-19ရှိမရှိ တစ်ရက်တည်း လူတစ်ထောင်ကျော် စစ်နိုင်တဲ့စက်ကို အသုံးပြုနိုင်ဖို့ တစ်ပတ်ခန့် စောင့်ရအုံးမယ်လို့ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲညွှန်ကြားရေးမှူးဒေါက် တာသန်းနိုင်စိုးက Duwunကိုပြောပါတယ်။

COVID-19 ရောဂါပိုးရှိမရှိကို အလိုအလျောက်စနစ်နဲ့ စစ်ဆေးပေးနိုင်တဲ့ ဆွစ်ဇာလန်နိုင်ငံထုတ် Cobas 6800 Analyzer စက်တစ်လုံး၊ ဒီစက်နဲ့ အတူ တွဲဖက်သုံးစွဲရတဲ့ လူအယောက် ၁၁၀၀ ကျော်ကို စစ်ဆေးပေးနိုင်တဲ့ အမေရိကန်နိုင်ငံထုတ် ရောဂါရှာဖွေရေးဆေးရည် SARS-CoV-2 Reagent တို့ကို AA Medical Products Ltd (Pacific-AA Foundation) က ဦးဇော်မိုးခိုင်နဲ့ ဒေါက်တာ စောနေနွယ် မိသားစုတို့က လှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစက်တွေကို အမေရိကန်နိုင်ငံကနေ ဂျာမနီနိုင်ငံ Frankfurt လေဆိပ်ကတစ်ဆင့် ဘန်ကောက်လေဆိပ် ကို ရောက်ရှိလာပြီး မြဝတီ၊ ကော့ကရိတ် အာရှလမ်းမကြီးကနေ ရန်ကုန်ကို သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

“ဒီစက်တွေကို အင်ဂျင်နီယာ ၁၅ဦးလောက်နဲ့ဒီနေ့မှာပဲ စတင်တပ်ဆင်နေပါပြီ။ဥရောပမှာဆိုရင် ဒီစက်ကို ဆင်ဖို့ ၃ပတ်လောက်အချိန်ယူတယ်လို့သိရတယ်။ဒီမှာတော့ မြန်မာအင်ဂျင်နီယာတွေက တစ်ပတ်နဲ့လူအင်အားအများ အပြားသုံးပြီး အပြီးဆင်ပေးဖို့ လုပ်ဆောင်နေပါတယ်။လာမယ့် ၂၈ရက်နေ့လောက်ဆိုရင်တော့ စတင်စစ်ဆေးနိုင် ပါပြီ။”လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ဒီစက်မရောက်ခင် မြန်မာနိုင်ငံမှာ တစ်ရက်ကို စောင့်ကြည့်လူနာ ၃၀၀ ဝန်းကျင်လောက်သာ စစ်ဆေးပေးနေနိုင် ရာမှ ဒီစက်နဲ့စစ်ဆေးမယ်ဆိုရင် တစ်ရက်ကို စစ်ဆေးပေးနိုင်တဲ့အရေအတွက်က ၅ဆလောက်မြင့်တက်လာပြီး ၁၅၀၀ ဝန်းကျင်လောက်ထိ စစ်ဆေးပေးနိုင်တော့မှာလည်း ဖြစ်ပါတယ်။

“နဂိုစက်က ၃၀၀ ဝန်းကျင်လောက်စစ်နိုင်မယ် အခုရောက်လာတဲ့စက်က ၈နာရီကို ၃၈၀ ဝန်းကျင်နဲ့ တစ်ရက်ကို ၁၁၄၀ စုစုပေါင်းဆိုရင် ၁၅၀၀ ဝန်းကျင်လောက် စစ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။”လို့ ဒေါက်တာန်သန်းနိုင်စိုး က ဆက်လက်ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၂၁ဦးထိရှိလာရာမှာတော့ ၉ဦး ရောဂါပြန်လည် ပျောက်ကင်းလို့ ဆေးရုံကဆင်းခွင့်ရကာ ၅ဦးကတော့ သေဆုံးခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ


က္က