စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အဖြစ်ဖွဲ့စည်းမှာပါ။
Ei Ei Htun

လက်ရှိစက်မှုဝန်ကြီးဌာနဟာ လုပ်ငန်းများအရှုံးပေါ်နေတဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်ပြီး စက်မှုဝန်ကြီးဌာနရဲ့တိုက်ရိုက်ကြီးကြပ်မှုလက်အောက်မှာရှိတဲ့ နိုင်ငံပိုင်စက်ရုံ(၅၇)ရုံအနက် စက်ရုံ(၄)ရုံကသာလျှင် အမြတ်နဲ့လုပ်ငန်းလည်ပတ်နိုင်နေတာဖြစ်တယ်လို့သိရပါတယ်။ 

စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို “ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန” အဖြစ် ပူးပေါင်းမည်ဖြစ်ကြောင်းကို ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းမှ ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးသက်အောင်က ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းမယ့်ကိစ္စကိုတော့ လွှတ်တော်မှာဆွေးနွေးဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။

“ စက်မှုဝန်ကြီးဌာနရဲ့တိုက်ရိုက်ကြီးကြပ်မှုလက်အောက်မှာရှိတဲ့ နိုင်ငံပိုင်စက်ရုံ(၅၇)ရုံအနက် စက်ရုံ(၄)ရုံကသာလျှင် အမြတ်နဲ့လုပ်ငန်းလည်ပတ်နိုင်နေတာဖြစ်ပါတယ်။ အခုလို ဝန်ကြီးဌာန နှစ်ခုကိုပူးပေါင်းခြင်းဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာလုပ်ငန်းစဉ်များကိုလည်းထိရောက်မြန်ဆန်စေမှာဖြစ်ကြောင်းနဲ့ နိုင်ငံတကာမှာလည်းစက်မှုဝန်ကြီးဌာနကို ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာန၊ စီပွားရေး၊ကူးသန်းရောင်းဝယ်ရေး စက်မှုဌာန စသဖြင့် စီးပွားရေးနဲ့ ဆက်စပ်တဲ့ ဝန်ကြီး ဌာနများနဲ့ပူးတွဲဖွဲ့စည်းလေ့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေအရ နိုင်ငံတော်ဘဏ္ဍာငွေများကိုလည်း စနစ်တကျစီမံခန့်ခွဲလေ့ရှိတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ စက်မှုဌာနပူးပေါင်းဖွဲ့စည်းရန်အသင့်လျောဆုံးဖြစ်တယ်” လို့ ဦးသက်အောင်က လွှတ်တော်ကိုရှင်းလင်းတင်ပြခဲ့တာလည်းဖြစ်ပါတယ်။

ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များရဲ့ဆွေးနွေးမယ့် အခန်းကဏ္ဍကိုတော့ နိုဝင်ဘာလ(၂၀)ရက်နေ့မှာ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာဆောင်ရွက်သွားမှာပါ။အခုလိုဝန်ကြီးဌာနနှစ်ခုပူးပေါင်းဖို့ကိုလည်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာ စက်မှုဝန်ကြီးဌာနရဲ့ ဝန်ကြီးဟောင်းဖြစ်တဲ့ ဦးခင်မောင်ချိုနှုတ်ထွက်ခဲ့ပြီး ကတည်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကပဲ စက်မှုဝန်ကြီးဌာနဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားတာဖြစ်ပါတယ်။


က္က