ရေကြီးမှု အန္တရာယ်ကိုလည်း သတိပြုကြဖို့ အသိပေးထားပါတယ်။

အရှေ့ဘက်မှ လာတဲ့ အပူပိုင်းမုန်တိုင်း နိုလ်(NOUL)ရဲ့ တိမ်တိုက်အကြွင်းအကျန်များနဲ့ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် မြန်မာနိုင်ငံ အနှံ့ ဒေသအလိုက် နေရာကွက်ကြား မိုးကြီးနိုင်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ (၁၉)ရက်နေ့ကနေ (၂၂)ရက်အထိ တစ်နိုင်ငံလုံး မိုးကြီးနိုင်တာကြောင့် တောင်ကုန်းတောင်တန်းနဲ့ မြစ်ငယ်ချောင်းငယ်ဘေးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး မြေပြိုမှု အန္တရာယ်ကို သတိပြုကြဖို့ကိုလည်း အသိပေးပြောကြားထားပါတယ်။

“ အဓိက သတိပြုရမှာက အခုလို မုတ်သုံကာလတွေမှာ နေရာကွက်မိုးကြီးတာတွေကဖြစ်တက်ပါတယ်။ အခုလို နေရာကွက်ကြားမိုးကြီးပြီဆိုရင် ရေကြီးရေလျှံမှုတွေဖြစ်တတ်တာကြောင့် (၁၉)ရက်နေ့ကနေ (၂၂)ရက်နေ့အထိ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားတဲ့ ဒေသတွေမှာလည်း ဒါကို သတိပြုဖို့ လိုတယ်”လို့ မိုးဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

စက်တင်ဘာလ (၁၆)ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ မိုးသည်းစွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွါးခဲ့တာကြောင့် လူ (၃)ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မနှစ်က မိုးတွင်းကာလအတွင်းမှာ ဒေသအလိုက်မိုးများပြီး ရေကြီးရေလျှံ မြေပြိုမှုတွေဖြစ်ပွားခဲ့မှုကြောင့် လူသေဆုံးမှုတွေရှိခဲ့ပါတယ်။ မွန်ပြည်နယ်က အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး လူရာကျော် သေဆုံးခဲ့ရတဲ့အထိဖြစ်ပွားခဲ့ပါတယ်။

ဒီနှစ်မှာလည်း ဒေသအလိုက် အခုလို ရေကြီးမြေပြိုအန္တရာယ်တွေကြုံလာရနိုင်ပြီး ဒီလိုမုတ်သုံကာလတွေမှာ အထူးဂရုပြုဖို့ လိုတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က