စုစုပေါင်း သေဆုံးသူ (၂၄)ဦးရှိပါပြီ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် ထုတ်ပြန်ချက်အရ ကိုဗစ်လူနာ (၄)ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ (၂၄)ဦးထိရှိလာခဲ့ပြီဖြစ်ပါတယ်။ 

သေဆုံးလူနာ စုစုပေါင်း (၂၄)ဦးမှာ (၁၈)ဦးက ကိုဗစ်ဒုတိယလှိုင်းမှာ သေဆုံးခဲ့တာဖြစ််ပါတယ်။



စက်တင်ဘာလ (၄)ရက်နေ့စပြီး ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက်တိုးလာခဲ့ရာမှာ ယခုဆို ကိုဗစ်ကြောင့်သေဆုံးသူ စုစုပေါင်း (၂၄)ဦးထိရှိလာခဲ့ပြီး(၂၂)ဦးက ရန်ကုန်ကဖြစ်ပါတယ်။

သေဆုံးလူနာ (၂၄)ဦးမှာ အသက်(၉၀)ကျော်အရွယ်တွေပါဝင်သလို အသက် (၇၀)ကျော် (၅၀)ကျော်အရွယ်တွေနဲ့ အသက် (၃၂)နှစ်အရွယ်ထိပါဝင်ပါတယ်။ 

အဲဒီထဲမှာ တစ်ဦးကတော့ ဘာရောဂါအခံမှ မရှိဘဲ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

"ရောဂါအခံမရှိဘဲ သေဆုံးနေတာ နိုင်ငံတကာမှာလည်း သာဓကတွေ အများကြီးရှိပါတယ်။ အခံရှိသူတွေကတော့ သေဆုံးမှုနှုန်း ပိုများတယ်၊ အခံမရှိတဲ့သူတွေကတော့ ရုတ်တရက်ဖောက်ပြီးဖြစ်တတ်တယ်။ ရောဂါ မှန်းရခက်တယ်။ ဒါကြောင့် ကာကွယ်တာ အကောင်းဆုံးပါ။ ဖြစ်လို့ပေါ့သွားတယ်ဆိုတာ မရှိပါဘူး ။ အတတ်နိုင်ဆုံး အိမ်မှာပဲနေကြပါ။ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။ အိမ်ထဲကနေပဲ သတင်းပို့ကြပါ"လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ၊ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောခဲ့ဖူးပါတယ်။

သေဆုံးလူနာ (၂၄)ဦးအနက် (၄)ဦးက ဒီမနက်ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့တာဖြစ်ရာ စစ်တွေက တစ်ဦးနဲ့ ရန်ကုန်က (၃)ဦးဖြစ်ပြီး ရောဂါအခံရှိသူတွေဖြစ်ကာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှုလမ်းကြောင်း ပျက်စီးပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ဒီမနက်ထုတ်ပြန်ချက်မှာ ပါရှိခဲ့တဲ့ သေဆုံးလူနာအမှတ်တွေက လူနာအမှတ် (2463) ၊ (2324) ၊ (1997) နဲ့ (2126)တို့ဖြစ်ပါတယ်။

စက်တင်ဘာလအတွင်း သေဆုံးခဲ့တဲ့ နောက်ထပ် (၁၄) ဦးကတော့ လူနာအမှတ် (1236) (1023 ) (885 ) (1692 ) (1629) (1485) (1590) (1491) (2165) (2351) (2523) (2260) (2429)နဲ့ (2064)တို့ဖြစ်ပါတယ်။

ကိုဗစ် ဒုတိယလှိုင်းမှာ လူနာအရေအတွက် အဆမတန်တိုးလာသလို သေဆုံးသူအရေအတွက်လည်း တိုးလာပါတယ်။

ကိုဗစ်ဒုတိယလှိုင်း မှာတင် လူနာအရေအတွက်က (၂၀၀၀)ကျော်ထိ မြင့်တက်လာခဲ့တာဖြစ်ပြီး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီမနက် (၈)နာရီထုတ်ပြန်ချက်အထိ တစ်နိုင်ငံလုံးပိုးတွေ့လူနာ (၃၀၁၅)ရှိပြီဖြစ်ပါတယ်။ (၃၀၁၅)ဦးမှာ ပြန်လည်ပျောက်ကင်းသူ (၆၉၉)ဦးနဲ့ သေဆုံးသူ (၂၄)ဦးရှိကာ လက်ရှိဆေးကုသမှုခံယူနေသူ (၂၂၉၂)ဦးရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က