အလုပ်သမားအရေအတွက်က (၃)သိန်းနီးပါးရှိပါတယ်။

CMP စနစ်လုပ်ငန်း စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ထားတဲ့ ယာယီပိတ်ရက် ၂ ပတ်အတွက် လုပ်သားများရဲ့ လုပ်ခ၊လစာကို လူမှုဖူလုံရေးအကျိုးခံစားခွင့် ဥပဒေနှင့်အညီ အစိုးရဘက်က ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ် ။

ဒါ့အပြင် ဖူလုံရေးထည့်ဝင်ပေးသွင်းထားခြင်းမရှိတဲ့ အလုပ်သမားတွေကိုလည်း အလုပ်ပိတ်ထားစဉ်  ၂ ပတ်တာ Stay at Home ကာလအတွက် ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။



"ရန်ကုန်ကူးစက်မှုနှုန်းက မြင့်နေတဲ့အတွက် ထိန်းချုပ် နိုင်ဖို့ ဒါကို အားလုံးနားလည်ကြမှာပါ။ ကျနော်တို့ ဘက်ကလည်း ဖူလုံ‌ရေး ထည့်ဝင်ကြေး ပေးသွင်းထားတဲ့ လုပ်သားတွေအတွက် လူမှုရေးထောက်ပံ့ကူညီမှုတွေစီစဉ်ထားပါတယ်။ ဖူလုံရေးထည့်ဝင်မှုမရှိတဲ့ လုပ်သားတွေအတွက်တော့ နိုင်ငံတော်ကထောက်ပံ့ မှုပေးသွားဖို့ကိုလည်း လုပ်ဆောင်နေပါတယ်" လို့ စက်တင်ဘာလ ၂၁ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ အလုပ်သမားများ ကိုလုပ်ခလစာထောက်ပံံ့ရေးဆွေးနွေးပွဲမှာအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောဆိုခဲ့ပါတယ်။ 

ဒါကြောင့် အလုပ်ရှင်တွေအနေနဲ့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်တဲ့ ကိုဗစ်သတ်မှတ်ချက်တွေကို လိုက်နာဖို့ လိုသလို၊ အလုပ်သမားတွေ အနေနဲ့ လည်းယာယီအလုပ်ပိတ်ချိန် ၂ ပတ်အတွင်း မှာ မိမိနေထိုင်ရာအိမ်မှာသာ နေကြဖို့လည်း ပြောဆိုထားပါတယ်။ 

"ဒီနေ့မနက်ပဲ ဝန်ကြီးချုပ်နဲ့ zoom meeting မှာ တရားဝင်ထုတ်ပြောပြီးပါပြီ။ပမာဏကိုတော့သူတို့တွက်ချက်နေပါတယ်။ ဘယ်လောက်ပေးမယ်ဆိုတာကိုလည်း တရားဝင်ကြေငြာပေးပါလိမ့်မယ်။လူမှုဖူလုံရေးကြေးမသွင်းထားတဲ့အလုပ်သမားတွေကိုလည်း အစိုးရကထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ အတိုင်ပင်ခံ ကလည်းပြောသွားတယ်ကိုဗစ်ဖန်ငွေ ဘီလီယံပေါင်း ၁၀၀၀ ရှိတယ်လို့ပြောသွားပါတယ်။ ကိုဗစ်အတွက် သုံးမယ်လို့ပြောပါတယ်။"လို့ ရွှေလင်းဗန်း စက်မှုဇုန် ကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက Duwun ကိုပြောပါတယ်။ 

လက်ရှိ မှာ စက်ရုံ ၊ အလုပ်ရုံတွေအနေနဲ့လည်း စက်တင်ဘာလ ၂၄ ရက်နေ့မှာ လုပ်ငန်းယာယီရပ်နားဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာ စက်ရုံ အလုပ်ရုံပေါင်း ၆၀၀၀ ကျော်ရှိပြီး CMP စနစ်လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်ရုံ ပေါင်းက ၃၀၀၀ ကျော်ရှိကာ အလုပ်သမားအရေအတွက်က ၃ သိန်းနီးပါး ရှိပါတယ်။ 

CMP စနစ်လုပ်ငန်းတွေ ဖြစ်တဲ့ အထည်ချုပ်လုပ်ငန်း ၊ ဖိနပ်ချုပ်လုပ်ငန်း၊ စတဲ့ ကုန်ကြမ်းပေးကုန်ချောယူ လက်ခစားစနစ်လုပ်ငန်းအားလုံးဟာ စက်တင်ဘာလ ၂၄ ရက်နေ့ကစပြီး အောက်တိုဘာလ ၇ ရက်နေ့အထိ ၂ ပတ်ကြာ ယာယီပိတ်ထားဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ကြေငြာထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က