ရန်ကုန်တိုင်းအတွင်းက စက်ရုံ (၆) ခုမှာ အတည်ပြုလူနာတွေ့ရှိထားပါတယ်။

စက်ရုံတစ်ရုံမှာ ကိုဗစ်ရောဂါအတည်ပြုလူနာတွေ့ရှိတိုင်း စက်ရုံကို ပိတ်လိုက်တာမျိုးမလုပ်တော့ဘဲ ပိုးတွေ့လူနာ လုပ်ကိုင်တဲ့နေရာကိုသာ ယာယီပိတ်ပြီး ပိုးသတ်ဆေးဖြန်းဖို့ လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကသိရပါတယ်။

"ထိတွေ့တဲ့သူတွေကိုတော့ ရှာဖွေမယ်။ သူအလုပ်လုပ်တဲ့အပိုင်းကို ခေတ္တပိတ်ထားပြီး ပိုးသတ်မယ်။ ဒါပေ မယ့်စက်ရုံကြီးတစ်ခုလုံးကို ပိတ်ပစ်တယ်ဆိုတာ အကျိုးအကြောင်းခိုင်လုံမှုတော့ မရှိဘူးပေါ့နော်။ တစ်ဖက်ကလည်း အလုပ်သမားတွေရဲ့စားဝတ်နေရေး၊ တစ်ဖက်ကလည်း ရင်း နှီးကြီးစွား မြှုပ်နှံထားရတဲ့ လုပ်ငန်းရှင်၊ တစ်ဖက်ကလည်း နိုင်ငံတော်ရဲ့ စီးပွားရေးလည်ပတ်ဖို့ စတဲ့ သုံးဦး သုံးဖလှယ် အဆင်ပြေဖို့အတွက် စဉ်းစားရပါတယ်။ "လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။



ဒါကြောင့် လက်ရှိ ရန်ကုန်တိုင်းအတွင်းက မင်္ဂလာဒုံစက်မှုဇုန်၊ လှိုင်သာယာစက်မှုဇုန် ၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ငွေပင်လယ်စက်မှုဇုန်တွေထဲက ကိုဗစ်အတည်ပြုလူနာတွေ တွေ့ရှိထားတဲ့ စက်ရုံ (၆) ရုံကို မပိတ်ဘဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ ကိုဗစ်သတ်မှတ်ချက်တွေနဲ့ အညီဖွင့်လှစ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-လှိုင်သာယာအတွင်းက စက်ရုံတစ်ခုမှာ စက်ရုံအလုပ်သမားတွေကို အဖျားတိုင်းနေစဉ်။

စက်ရုံတွေက ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်သူ (၆၀၀) ကျော်ကိုတော့ နေအိမ်ကွာရန်တင်းထားရှိထားသလို Facility Quarantine စင်တာတွေကို ပို့ဆောင်ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတယ်လို့သိရပါတယ်။

"လုပ်ငန်းခွင်တစ်ခုမှာ လူနှစ်ထောင်၊သုံးထောင်ရှိမယ်။ ဒီထဲမှာ လူတစ်ယောက်ပိုးတွေ့တာနဲ့ ကျန်တဲ့လူတွေအကုန်လုံးဟာ ထိတွေ့သူမဟုတ်ပါဘူး။ ဒါကိုရှင်းရှင်းလင်းလင်းသိဖို့လိုပါ တယ်။ သူနဲ့ထိတွေ့သူမဟုတ်ပါဘူး။သူနဲ့ထိတွေ့သူဆိုတာက WHO ရဲ့ ဖွင့်ဆိုချက်အရပြောရမယ်ဆိုရင် ပိုးတွေ့သူနဲ့ (၁၅) မိနစ်အကြာ နီးနီးကပ်ကပ်စကားပြောမယ်။ နှာခေါင်းစည်းမတပ်ဘူး။ ဒီလိုလူတွေကို ကွာရန်တင်း ထည့်ရတာဖြစ်တယ်။ဒါပေမယ့် လူတွေက စက်ရုံမှာ လူတစ်ယောက်ပိုးတွေ့ပြီဆိုတာနဲ့ ကျန်တဲ့သူတွေအကုန်လုံး ကွာရန်တင်းဝင်ရမယ်လို့ ထင်နေတာ မဟုတ်ပါဘူး။"လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းအတွင်းဖွင့်လှစ်ထားတဲ့ စက်ရုံ၊အလုပ်ရုံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်စည်းကမ်းချက်လမ်းညွှန်မှုတွေနဲ့ပတ်သက်ပြီး လိုက်နာမှုရှိ၊မရှိကို မြို့နယ်အဆင့်ပူးပေါင်းအဖွဲ့တွေနဲ့ ရှောင်တခင်စစ်ဆေးဖို့ ညွန်ကြားထားတယ်လို့လည်းသိရပါတယ်။

ယခင်က ရန်ကုန်တိုင်းအတွင်းမှာ စက်ရုံ၊အလုပ်ရုံပေါင်း (၆၀၀၀) ဝန်းကျင်ရှိခဲ့ရာ ကိုဗစ်ကာလအတွင်း စက်ရုံယာယီရပ်နားတာ၊ အပြီးတိုင်ပိတ်တာ၊ အလုပ်သမားအင်အားလျှော့ချတာ၊ လုပ်ခလစာမပေးဘဲ လုပ်ငန်းရှင်ထွက်ပြေးတဲ့စက်ရုံအားလုံးပေါင်း (၂၀၀) နီးပါးရှိခဲ့တယ်လို့လည်း သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က