J Me ရဲ့ ဇနီးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
Ei Ei Htun

ဒီကနေ့ ထပ်တိုးလူနာ (၁၁)ဦးစာရင်းမှာ လူနာနံပါတ်(၇၇)က အဆိုတော် J Meရဲ့ဇနီးဖြစ်လို့ သူတို့နေထိုင်ရာ စမ်းချောင်း၊ ဦးဖီးလမ်းရှိ နေအိမ်နဲ့ ပတ်ဝန်းကျင်ကို ဒီကနေ့ကစပြီး Lock Down ပြုလုပ်ထားပြီဖြစ်ပါတယ်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဲရဲ့ ဒီကနေ့ မနက် (၁၀)နာရီထုတ်ပြန်ချက်အရ ထပ်တိုးလူနာ(၁၁) ဦးထဲမှ အဆိုတော် J Meရဲ့ အမျိုးသမီးပါဝင်ခဲ့တယ်လို့ သိရပါတယ်။ 

J Me တို့မိသားစုနေထိုင်ရာ (၄)ခန်းတွဲအဆောက်အဦနဲ့ နေအိမ်ပတ်ဝန်းကျင်က အိမ်(၇)လုံးကို ဒီကနေ့ မနက်ပိုင်းက စပြီး Lock Down လုပ်ထားပြီဖြစ်တယ်လို့ စမ်းချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က Duwun ကိုပြောပါတယ်။ 

“ J Me ရဲ့ အမျိုးသမီးမှာ တွေ့တယ်ဆိုပေမယ့် J Meနဲ့ကလေးကိုတော့ Quarantine ကာလသတ်မှတ်ထားတဲ့အတိုင်းစောင့်ကြည့်သွားရဦးမှာပေါ့။ အခုတော့ သူတို့နေအိမ်အနီးတစ်ဝိုက်ကို Lock Down လုပ်ထားပြီ။ စမ်းချောင်းမြို့နယ်မှာက ဒါပထမဆုံး Positive လူနာစတွေ့တာဆိုတော့ ယခင်ကတော့ မြို့နယ်အတွင်းမှာ ကျန်းမာရေးအသိပညာပေးတွေပဲလုပ်တာပေါ့။ အခုတော့ ကျန်းမာရေးထိန်းချုပ်မှုအပိုင်းတွေကို ပိုမိုလုပ်ဆောင်ရတော့မယ်” လို့ ဦးသော်တာအောင်ကပြောပါတယ်။ 

ဒီကနေ့ ထုတ်ပြန်တဲ့ လူနာ (၁၁)ဦးစာရင်းမှာ လူနာနံပါတ် (၇၇) အသက်(၃၃)နှစ်အရွယ် အမျိုးသမီးက J Me ရဲ့ အမျိုးသမီးဖြစ်ပါတယ်။ ထုတ်ပြန်ချက်မှာ လူနာရဲ့သွားလာမှုတွေ ထိတွေ့မှုတွေ အတိအကျမထုတ်ပြန်ထားသေးတော့ မြို့နယ်အတွင်းမှာ လူနာနဲ့ ဆက်စပ်ထိတွေ့ခဲ့တဲ့သူတွေကို ရှာဖွေစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

အခုလို စမ်းချောင်းမြို့နယ်မှာ ရောဂါပိုးတွေ့ရှိသူရှိလာပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ကော တာဝန်ရှိသူတွေအနေနဲ့ပါ ကျန်းမာရေးနဲ့ပတ်သက်လို့ ပိုမိုဂရုစိုက်ပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို တိုးပြီးလုပ်ဆောင်သွားမယ်လို့ ဦးသော်တာအောင်ကပြောပါတယ်။ 

လက်ရှိနိုင်ငံအတွင်း ရောဂါပိုးတွေ့ရှိထားသူ (၈၅)ဦးမှာ ရန်ကုန်တိုင်းဒေသကြီးက (၆၈)ဦးထိ ပါဝင်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က