လုံးပတ် (၈)ပေရှိတဲ့ စိန်ပန်းပင်ကြီး အမြစ်ကပြိုလဲကျခဲ့တာပါ။
Ei Ei Htun

စမ်းချောင်းမြို့နယ်၊ လင်းလွန်မြောက်ရပ်ကွက် ဇလွန်လမ်းပေါ်ရှိ သက်တမ်းရင့် သစ်ပင်တစ်ပင် အမြစ်ကနေ လဲပြိုကျမှု ဒီကနေ့မနက် အစောပိုင်းကဖြစ်ပွါးခဲ့ပါတယ်။

photo- U Thawda Aung

သစ်ပင်ပြိုလဲကျမှုကြောင့် အဆိုပါ အပင်နဲ့အနီးပတ်ဝန်းကျင်မှာ ရပ်ထားတဲ့ မော်တော်ယာဉ် လေးစီး ပျက်စီးဆုံးရှုံးခဲ့ပြီး နေအိမ်တချို့ရဲ့ ဝရန်တာများနှင့် အမိုးများပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ ဖြစ်တာက မနက်အစော (၃)နာရီဝန်းကျင်လောက်ကြီး။ သတင်းရတော့ ကျွန်တော်တို့ မီးသတ်စခန်းကနေ သွားရောက်ပြီး ရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့ပါတယ်။ အဓိကပျက်စီးတာက မော်တော်ယာဉ်လေးစီးပေါ့။ ရပ်ထားတဲ့ကားတွေပေါ်ပိတာ။ ပြီးတော့ အပင်ရဲ့ အနီးမှာရှိတဲ့တိုက်ရဲ့ ဝရန်တာနဲ့ တခြားအိမ်တွေရဲ့ အမိုးတွေလည်းထိခိုက်မှုတွေရှိတယ်။ လူတွေကတော့ ထိခိုက်မှုမရှိပါဘူး”လို့ စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးသူရဆွေကDuwun ကိုပြောပါတယ်။

photo- U Thawda Aung

ပြိုလဲကျခဲ့တဲ့ စိန်ပန်းပင်ကြီးက အမြင့်ပေ (၆၀)ခန့်နဲ့ လုံးပတ် (၈)ပေခန့်ရှိတယ်လို့သိရပြီး သက်တမ်းရင့်အပင်ဖြစ်တာကြောင့် အမြစ်မခိုင်ဘဲ ပြိုလဲကျခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အပင်လဲကျရာ နေရာကိုတော့ စမ်းချောင်းမီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် လူမှူကူညီရေးအဖွဲ့တွေအနေနဲ့ အချိန် အချိန် (၅)နာရီကျော်ကြာရှင်းလင်းရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ရပါတယ်။

ဇွန်လ (၂၁)ရက်နေ့ ည (၁၂)ဝန်းကျင်ခန့်ကလည်း အလုံမြို့နယ် သစ်တောလမ်းဘေးမှာ ပေါက်နေတဲ့ ညောင်ပင်ကြီး တစ်ပင်လည်း မြေပွပြီး အမြစ်မခိုင်ဘဲ လဲပြိုကျမှုဖြစ်ပွါးခဲ့သေးတယ်လို့ သိရပါတယ်။ အဆိုပါဖြစ်ပွါးမှုမှာလည်း လူထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ပါဘူး။





က္က