စစ်ကိုင်းမှာ ပိုးတွေ့လူနာအဖြစ် သံဃာတစ်ပါးသာ ကျန်ပါတော့တယ်။

ရောဂါပိုး ပျောက်ကင်းတဲ့ဆရာတော်က လူနာအမှတ် ၂၃၅ ဖြစ်ပြီး လက်ရှိ စစ်ကိုင်းမှာ ရောဂါပိုး အတည်ပြုလူနာ အဖြစ် လူနာအမှတ် ၂၃၆ ဖြစ်တဲ့သံဃာတစ်ပါးသာ ကျန်ပါတော့တယ်။

အိန္ဒိယက ပြန်လာတဲ့ စစ်ကိုင်းက သံဃာတော် နှစ်ပါးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် စစ်ကိုင်း ကုတင် ၂၀၀ဆံ့ ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေစေခဲ့ပါတယ်။ လက်ရှိမှာတော့ လူနာအမှတ် ၂၃၅ဖြစ်တဲ့ သံဃာတော် တစ်ပါးမှာ ရောဂါပိုး နှစ်ကြိမ်ဆက်တိုက် မတွေ့ရတဲဲ့အတွက် သီတဂူကျောင်းတိုက်မှာ Facilities Quarantine ၂၁ ရက် ဆက်လက်ဝင်ရောက်နေစေတယ်လို့ စစ်ကိုင်း ကုတင် ၂၀၀ဆံ့ဆေးရုံအုပ်ကြီး ဒေါ်စုစုထွန်းက Duwunကိုပြောပါတယ်။

“ဆရာတော် နှစ်ပါးစလုံးက သီတဂူကဖြစ်လို့ ရောဂါပိုး နှစ်ကြိမ်ဆက်တိုက်မတွေ့တော့တဲ့ ဆရာတော်ကိုတော့ သီတဂူကျောင်းမှာပဲ ၂၁ ရက် ကွာရန်တင်းပြန်ဝင်နေစေတာပါ။ အခုပျောက်သွားတဲ့ ဆရာတော်က လူနာ အ မှတ်၂၃၅ ပါ။လူနာအမှတ် ၂၃၆ ဆရာတော်ကိုတော့ မနက်ဖြန်မှာ ရောဂါပိုး ထပ်စစ်ပါမယ်။”လို့ ဆေးရုံအုပ်ကြီး ဒေါ်စုစုထွန်းက ပြောပါတယ်။

ဆရာတော် နှစ်ပါးက အိန္ဒိယကနေ မြန်မာနိုင်ငံကို အစိုးရစီစဥ်တဲ့ ကယ်ဆယ်ရေး လေယာဥ်နဲ့ ပြန်လည်ရောက်ရှိ လာခဲ့တာ ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့မှာတော့ ပိုးတွေ့လူနာအဖြစ် ကြေညာခဲ့တာပါ။ ရောဂါပိုး တွေ့ရှိချိန်မှာတော့ ရန်ကုန်မှာရှိတဲ့ သီတဂူ ဗုဒ္ဓတက္ကသိုလ်မှာ ကွာရန်တင်းဝင်နေပြီး စစ်ကိုင်းမြို့က ဖြစ်လို့ စစ်ကိုင်းမြို့က လူနာတင်ယာဥ်နဲ့ ရောဂါပိုးတွေ့ရှိတဲ့ ညတွင်းချင်းပဲ လာရောက်ပင့်ဆောင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ပိုးတွေ့လူနာက ၉ ဦးရှိခဲ့ပြီး ကလေးမြို့မှာ ၆ ဦးနဲ့ စစ်ကိုင်းမြို့မှာ ၃ ဦး တွေ့ရှိခဲ့တာပါ။ အခုဆိုရင်တော့ စစ်ကိုင်းတိုင်းအတွင်းမှာ ၈ ဦးပျောက်ကင်းသွားပြီဖြစ်လို့ ကိုဗစ်ရောဂါပိုး အတည်ပြုလူနာအဖြစ် လက်ရှိမှာ လူနာအမှတ် ၂၃၆ ဖြစ်တဲ့ သံဃာတော် တစ်ပါးသာကျန်ရှိပါတော့တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က