သေကြောင်းကြံစည်မှုတွေကို အချိန်မီကယ်တင်နိုင်ဖို့အတွက်ဆိုပြီး စစ်ကိုင်းရဲတပ်ဖွဲ့က လှည့်ကင်းတွေဆောင်ရွက် လျက်ရှိတယ်လို့သိရပါတယ်။
Minn Nandar

ယမန်နေ့ညက စစ်ကိုင်းတံတားဟောင်းပေါ်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦး တံတားပေါ်ကနေခုန်ချသတ်သေဖို့ကြံစည်ခဲ့တာကို စစ်ကိုင်းမြို့မရဲစခန်းလှည့်ကင်းရဲတပ်ဖွဲ့ကတွေ့လို့ အချိန်မီကယ်တင်နိုင်ခဲ့တယ်လို့ လှည့်ကင်းအဖွဲ့ခေါင်းဆောင်ဒု-ရဲအုပ်အေးသက်မောင်က Duwun ကိုပြောပါတယ်။

ဓာတ်ပုံ ဒုရဲအုပ်အေးသက်မောင်

"ကျွန်တော်တို့က ည ၇ နာရီကနေ ၁၀ နာရီ တံတားပေါ်ပိတ်ဆို့လုပ်တယ်ပေါ့ဗျာ၊ ည ၁၀ နာရီ ၁၀ မိနစ်လောက်မှာ လှည့်ကင်းပြန် ထွက်တော့ တံတားအရှေ့ဖက်ခြမ်းမှာ အဝေးကနေလှမ်းကြည့်တော့ လူတစ်ယောက်က တံတားပေါ်ဖြတ်ရင်းမီးပိတ်လိုက်တာကို တွေ့ရတယ်၊ ဒီမှာတင်ပဲ ကျွန်တော်တို့အဖွဲ့ကလည်း ဆိုင်ကယ်မီးတွေပိတ်ပြီးအနားကပ်သွားတာပေါ့၊ ကျွန်တော်တို့မီးဖွင့်သွားရင် သူက ခုန်ချသွားမှာစိုးလို့ မီးပိတ်ပြီးတော့ သူ့အနားရောက်အောင်သွားတယ်၊ အနားရောက်တော့ သူက သူ့သူငယ်ချင်းကို နှုတ်ဆက် နေတာပေါ့ဗျာ၊ ငါတော့သွားတော့မယ်ဘာညာပေါ့၊ အဲဒီမှာတင် ကျွန်တော်တို့က သူ့ကိုမေးမြန်းပြီး အတင်းဝိုင်းဆွဲပြီး ဆိုင်ကယ်ကြား ကနေညှပ်ခေါ်လာပြီး ရုံးရောက်လို့စစ်ဆေးကြည့်တော့ မန္တလေးမှာနေတယ်ဆိုတာသိရလို့ သူ့မိဘတွေနဲ့ချိတ်ဆက်ပြီးပြန်အပ်လိုက်တာပါ" လို့ ၎င်းကပြောပါတယ်။

ယမန်နေ့ည ၁၀ နာရီကျော်အချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး တံတားပေါ်ကနေခုန်ချသတ်သေဖို့ကြံစည်ခဲ့တဲ့ အဲဒီကျောင်းသားက အသက် ၂၁ နှစ်အရွယ် မန္တလေးတက္ကသိုလ် စတုတ္ထနှစ်ဘူမိဗေဒအထူးပြုကျောင်းသားဖြစ်တယ်လို့သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ဆက်သွယ်တဲ့ ဧရာဝတီမြစ်ကူးစစ်ကိုင်းတံတားနှစ်စင်းရှိတာမှာ အခုနောက်ပိုင်း တံတားတွေပေါ်ကနေ ခုန်ချသေကြောင်းကြံစည်မှုတွေ မကြာခဏဖြစ်ပေါ်နေပါတယ်။

ဒီအတွက်လည်း သေကြောင်းကြံစည်မှုတွေကို အချိန်မီကယ်တင်နိုင်ဖို့အတွက်ဆိုပြီး စစ်ကိုင်းရဲတပ်ဖွဲ့က လှည့်ကင်းတွေဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ စစ်ကိုင်းတံတားဟောင်း(အင်းဝတံတား)ပေါ်ကနေ ခုန်ချသေဆုံးမှုအနေနဲ့ ၂၀၁၉ ခုနှစ်က ၅ ကြိမ်နဲ့ အခုနှစ်မှာ ၁ ကြိမ်ရှိခဲ့ပြီး တံတားသစ် ဧရာဝတီတံတား(ရတနာပုံ)ပေါ်ကနေခုန်ချသေဆုံးမှုအနေနဲ့ကတော့ ၂၀၁၉ ခုနှစ် ၂ ကြိမ်၊ အခုနှစ်မှာ ၁ ကြိမ်ရှိခဲ့တယ် လို့လည်းသိရပါတယ်။ လှည့်ကင်းတွေဆောင်ရွက်လိုက်တဲ့အခါမှာတော့ အချိန်မီကယ်တင်လိုက်နိုင်တာမျိုး ၅ ကြိမ်ရှိပါပြီ လို့လည်း ဒုရဲအုပ်အေးသက်မောင် ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က