သိန်း၁၃၀ ကျော်ယူခဲ့တာပါ။

မင်းလှမြို့နယ်၊ စစ်ကွင်းမြို့လျှပ်စစ်မှူးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကေ်ာမရှင်က သတင်းထုတ်ပြန်ပါတယ်။



ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ရှမ်းကုန်းကျေးရွာ မီးလင်းရေးကိစ္စဆောင်ရွက်ရာမှာ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းခံခဲ့တဲ့ စစ်ကွင်းမြို့ လျှပ်စစ်မှူး ဦးဝင်းဗိုလ်ကို အရေးယူပေးပါဖို့ နစ်နာသူတွေက ကော်မရှင်ကို တိုင်ကြားခဲ့တယ်လို့ ဇန်နဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာမှာ ဦးဝင်းဗိုလ်သည် ရှမ်းကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် အထက်ဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ရှမ်းကုန်းကျေးရွာအတွင်း ၄၀၀ ဗို့ ဓါတ်အားလိုင်း တည်ဆောက်ခြင်းအတွက် ငွေကျပ် သိန်း ၁၂၀ နဲ့ ကန်ထရိုက်လုပ်ငန်းသဖွယ် လက်ခံဆောင်ရွက်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ပါတယ်။

ဒါ့အပြင် ရှမ်းကုန်းကျေးရွ ာမီးလင်းရေးကော်မတီကနေ လုပ်ငန်းတွေဆောင်ရွက်ရာမှာ ၂၀၁၆ ခုနှစ်အတွင်း ငွေကျပ် သုံးသိန်းငါးသောင်းကို အား သုံးကြိမ်ခွဲ၍ တောင်းခံရယူခဲ့ခြင်း၊ ၂၀၁၈ ခုနှစ်တွင် 11KV ဓါတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်ယူရန်အတွက် လမ်းခရီးစရိတ် ငွေကျပ်တစ်သိန်းနဲ့ 11KV ဓါတ်အားလိုင်းအတွက် အစိုးရ ချထားပေးသော ဘတ်ဂျက်နဲ့ မလုံလောက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေကျပ်ငါးသိန်းတို့ကို ထပ်မံ တောင်းခံရယူခဲ့တယ်လို့ ကော်မရှင်ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ရာထူးတာဝန်အရ ပေးအပ်တဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှုတွေ ကျူးလွန်ခဲ့တဲ့ လျှပ်စစ်မှူး ဦးဝင်းဗိုလ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မင်းလှမြို့နယ်၊ စစ်ကွင်းနယ်မြေရဲစခန်းမှာ ဇန်နဝါရီလ ၁၇ ရက်နေ့က ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က