ထိတွေ့သူတွေကို တို့ဖတ်နမူနာရယူစစ်ဆေးထားပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ပြည်တွင်းကူးစက်မှုအဖြစ်တွေ့ရှိထားတဲ့ လူနာအမှတ် ၃၇၅ ရဲ့ ပြည်တွင်းခရီးသွားလမ်းကြောင်းတစ်လျှောက်မှာ ဆက်စပ်ထိတွေ့သူ အယောက် ၁၀၀ ဝန်းကျင်ခန့်ရှိတယ်လို့ ရခိုင်ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။

လူနာအမှတ် ၃၇၅ ဟာ စစ်တွေမြို့က CB Bank ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့ကစတင်ပြီး စစ်တွေကနေ ကျောက်ဖြူ၊ပုဏ္ဍားကျွန်းမြို့တို့ကို သွားရောက်လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူနဲ့ ထိတွေ့ခဲ့သူ စစ်တွေ CB Bank က ဝန်ထမ်းအားလုံး၊ကျောက်ဖြူ CB Bankက ဝန်ထမ်း (၂၅) ဦးနဲ့ လူနာနဲ့ အတူနေတဲ့ မိသားစုနဲ့ အိမ်ဌား (၁၉) ဦးတို့ကို လက်ရှိမှာ ကွာရန်တင်းထားစောင့်ကြည့်နေပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူထားတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။



“ ကွာရန်တင်း ဘယ်နေ့က လုပ်လဲဆိုရင် သိတဲ့နေ့ကစပြီး ဆရာတို့လုပ်တယ်။ သူနဲ့အတူနေသူ (၁၉) ဦးကို Facility Quarantine ထားတယ်။ နှာခေါင်းတို့ဖတ်ယူတယ်။လူနာနဲ့အလုပ်တူတူလုပ်တဲ့ ဘဏ် ဝန်ထမ်းအားလုံးကို ကွာရန်တင်းထားတယ်။ ကျောက်ဖြူကို ရောက်တော့ လူနာကို ဘဏ်ဝန်ထမ်း ၂ ယောက်က လက်ဆောင်လာပေးတယ်။ ဒါကြောင့် ကျောက်ဖြူဘဏ်ကဝန်ထမ်းတွေကိုလည်း ကွာရန်တင်းထားတယ်။ နှာခေါင်းတို့ဖတ်ယူ တယ်။” လို့ ဒေါက်တာစိုးဝင်းပိုင်က ဆိုပါတယ်။

ဒါ့အပြင်လူနာရဲ့ မိခင်နဲ့ အိမ်ဌားမိသားစုမှ အသက် ၃ နှစ်အရွယ်ကလေးတို့မှာ ကိုဗစ် သံသယလက္ခဏာ တွေ့ရှိခဲ့တာကြောင့် စစ်တွေဆေးရုံမှာ သံသယလူနာအဖြစ် စောင့်ကြည့်ကုသမှုပေးနေတယ်လို့လည်း စစ်တွေမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာဇော်လွင်က Duwun ကို ပြောပါတယ်။ လက်ရှိမှာတော့ လူနာအလုပ်လုပ်ကိုင်တဲ့ စစ်တွေမြို့က CB Bank ကိုလည်း လော့ဒေါင်းလုပ်ထားပြီလို့သိရပါတယ်။

လူနာဟာ ခရီးသွားစဉ်ကျောက်ဖြူမြို့ က မြနန်းတော်ဟိုတယ်မှာ တည်းခိုခဲ့တာကြောင့် တည်းခိုခန်းဝန်ထမ်းတွေကိုလည်း နှာခေါင်း၊အာခေါင်တို့ဖတ်နမူနာရယူထားတယ်လို့သိရပါတယ်။ ဒါ့အပြင် ရောဂါပိုးကူးစက်ခံထားရကြောင်း မသိရှိခင်က စစ်တွေကနေ ကျောက်ဖြူကို AIR KBZ ကိုစီးနင်းခဲ့ပြီး ကျောက်ဖြူကနေ စစ်တွေသို့အပြန်မှာ MNA လေကြောင်းလိုင်းကို စီးနင်းခဲ့တာကြောင့် သူနဲ့အတူ လေယာဉ်အတူစီးနင်းခဲ့သူတွေကို စုံစမ်းရှာဖွေနေတယ်လို့ ဆိုပါတယ်။

လူနာအမှတ် ၃၇၅ ဟာ  ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်တွေကနေ ကျောက်ဖြူမြို့ကို ဘဏ်ဝန်ထမ်းသူငယ်ချင်း (၆) ဦး၊ ဆေးကုမ္ပဏီဝန်ထမ်း (၂) ဦးတို့နဲ့ သွားခဲ့ပြီး ကျောက်ဖြူက အထင်ကရနေရာတွေကို ကားနဲ့ လည်ပတ်ခဲ့တာဖြစ်ပါတယ်။ ကျောက်ဖြူကနေ စစ်တွေကိုတော့ သြဂုတ်လ ၂ ရက်မှာ ပြန်လာခဲ့ပြီး သြဂုတ်လ ၃ ရက်မှာ ပုဏ္ဍားကျွန်းမြို့ကို သွားရောက်လည်ပတ်ခဲ့ကာ သြဂုတ်လ ၄ ရက်မှာ စစ်တွေစီဘီဘဏ်မှာ အလုပ်ပြန်ဝင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် သြဂုတ်လ ၁၂ ရက်နေ့မှာ ဖျားနာ၊ နှာစေး၊ အနံ့မရတာစတဲ့ လက္ခဏာတွေ ပေါ်ပေါက်ခဲ့လို့ ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်ကုသနေရင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်တလောမှာတော့ ရောဂါဘယ်လိုကူးစက်ခံခဲ့ရသလဲဆိုတာကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လူနာကို မေးမြန်းချက်အရတော့ နိုင်ငံခြားသားတွေနဲ့ ထိတွေစပ်ဆက်မှုမရှိခဲ့ဘူးလို့ ပြောခဲ့ကြောင်း စစ်တွေမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာဇော်လွင်က Duwun ကို ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က