တကယ်တမ်း ဒုတိယလှိုင်းစတင်လာရင် တစ်နိုင်ငံလုံးအရေးဖြစ်လာမှာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုနှုန်းကျဆင်းလာပြီး ပြည်တွင်းကူးစက်မှုမရှိတော့တာ တစ်လဝန်းကျင်အကြာမှာတော့ စိုးရိမ်စရာအခြေအနေတစ်ရပ်ပေါ်ပေါက်လာပါတယ်။

ဓာတ်ပုံ- နိရဉ္စရာ

တစ်လနီးပါး ငုပ်လျှိုးပျောက်ကွယ်နေတဲ့ ပြည်တွင်းကူးစက်မှုအခြေအနေဟာ သြဂုတ်လ ၁၆ရက်နေ့က စတင်ပြီး ပြန်လည်ခေါင်းထောင်လာပါတယ်။ သြဂုတ်လ ၁၆ရက်နေ့ညမှာ အတည်ပြုလူနာအဖြစ် ကြေညာခဲ့တဲ့ စစ်တွေမြို့က လူနာအမှတ်(၃၇၅)ဟာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ပြည်တွင်းကူးစက်ခံရမှုစစ်စစ်ဖြစ်ခဲ့ပါတယ်။



လူနာအမှတ်(၃၇၅)ကို တွေ့ရှိပြီးနောက်မှာတော့ စစ်တွေမြို့မှာ လူနာအမှတ် (၃၇၇)၊ (၃၇၈)၊ (၃၇၉)၊ (၃၉၅)၊ (၃၉၆) တို့ကို ပြည်တွင်းကူးစက်ခံရသူတွေအဖြစ် ဆက်တိုက်တွေ့ရှိခဲ့တဲ့ အခြေအနေက စိုးရိမ်စရာဖြစ်လာပါတယ်။ လက်ရှိအချိန်အထိတော့ အတည်ပြုလူနာတွေရဲ့ကူးစက်ခံရတဲ့အခြေအနေကို အတိအကျမသိရသေးတဲ့အတွက် စစ်တွေမှာ ရောဂါပိုးကူးစက်ခံရသူအရေအတွက် ဘယ်လောက်အထိရှိနေမလဲဆိုတာကို ခန့်မှန်းရခက်နေပြီး အစုလိုက်အပြုံလိုက်ရောဂါပိုးတွေ့ရှိသူတွေပေါ်ပေါက်လာမှာကို စိုးရိမ်ပြီး ပြင်ဆင်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေကြပါတယ်။

(ဓာတ်ပုံ-IRPD Sittwe)

Second Wave အစ စစ်တွေက မဖြစ်လာစေဖို့

ပြည်တွင်းကူးစက်မှုအခြေအနေက စစ်တွေမှာပဲတွေ့ရှိထားတယ်ဆိုပေမယ့် ကူးစက်ခံထားရသူ(၆)ယောက်ရဲ့ပြည်တွင်းခရီးသွားလာမှုမှတ်တမ်းအရ ရန်ကုန်နဲ့ ဧရာဝတီမှာပါ အန္တရာယ်ရှိနေတာကိုလည်းသိလာရနေပါပြီ။ လူနာအမှတ်(၃၇၈)ရဲ့နောက်ဆက်တွဲထိတွေ့သူတွေဟာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်အတွင်းမှာ ၁၅ဦးရှိနေပြီး၊ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က ကဒုံကနိကျေးရွာမှာ နှစ်ဦးရှိနေတယ်လို့သိရပါတယ်။ 

"ပိုးတွေ့လူနာ (၃၇၈)ရဲ့ ဆွေမျိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့က ရန်ကုန်မှာ ဆေးလာကုကြတာလို့ပြောတယ်။ လက်ရှိ သူတို့ကို လှိုင်မြို့နယ်ရှိ စစ်ကြောရေး ကွာရန်တင်းစင်တာမှာထားရှိပြီး စောင့်ကြည့်ရမှာပေ့ါ။ နေအိမ်ကိုတော့ဘာမှ မလုပ်ထားသေးပါဘူး။ အခုလက်ရှိကတော့ စောင့်ကြည့်နေရမှာပါ"လို့ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က Duwun ကိုပြောပါတယ်။ ကဒုံကနိကျေးရွာက နှစ်ဦးကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်နေပြီး တကယ်လို့များသူတို့တွေသာ ပိုးကူးစက်မှုခံထားရမယ်ဆိုရင် နောက်ထပ်ထိတွေ့ထားသူတွေထပ်များလာနိုင်ပါတယ်။ ဒီအခြေအနေက Second Wave လို့ ပြောနေကြတဲ့ ကိုဗစ် ဒုတိယလှိုင်း အတွက်စိန်ခေါ်မှုပါ။ 

စစ်တွေမှာတော့ ပိုးတွေ့လူနာတွေ နေထိုင်ခဲ့တဲ့လမ်းတွေကို Lock Down ချထားပြီး မြို့တွင်းမှာလည်း အသွားအလာနည်းနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ လက်ရှိအခြေအနေကတော့ စစ်တွေဟာ ပေါက်ကွဲလာနိုင်တဲ့ဗုံးတစ်လုံးလိုဖြစ်နေပြီး မြန်မာနိုင်ငံရဲ့Second Wave အစမဖြစ်လာစေဖို့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် မြို့သူမြို့သားတွေ အားလုံးကြိုးစားရုန်းကန်နေကြရပြီဖြစ်ပါတယ်။ 

“လက်ရှိကတော့ ခရီးစဉ် ပိတ်တယ်ဆိုတဲ့ ညွှန်ကြားချက် တော့ မရှိသေးဘူး။ စစ်တွေက လာရောက်တဲ့ ခရီးသည်တွေကိုတော့ ကွာရန်တင်းလုပ်ဖို့ အကြောင်းကြားထားတာတွေတော့ ရှိပါတယ်။ အဲဒီတော့ လေကြောင်းလိုင်းတွေလည်း ဆက်ပြီးတော့ အကြောင်းကြားထားပါတယ်။ လေကြောင်းလိုင်းတွေကတော့ ကွာရန်တင်း လုပ်မယ်ဆိုရင် ခရီးသည်လာရောက်မှုနည်းမယ်၊ နည်းမယ်ဆိုရင် တချို့ကရပ်နားတာမျိုး ဖြစ်ချင်ဖြစ်မယ်ပေ့ါ။ ဒီဘက်ကတော့ ရပ်နားဖို့ ညွှန်ကြားထားတာမရှိဘူး” လေကြောင်းလိုင်း ပို့ဆောင်ရေး ညွှန်ကြားရေးမှုး ဦးနေဝင်းရဲ့Duwun ကိုပြောကြားချက်အရတော့ စစ်တွေကို လေကြောင်းလိုင်းတွေဆက်လက်ပြေးဆွဲနေဦးမှာဖြစ်ပေမယ့် စည်းမျဉ်းကန့်သတ်ချက်တွေကိုတော့ ချက်ချင်းစတင်နေပါပြီ။

ဒါပေမယ့် စစ်တွေက မြန်မာနိုင်ငံရဲ့တခြားမြို့တွေနဲ့မတူတဲ့ခြားနားချက်တချို့ရှိနေပါတယ်။ ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေအပါအဝင် ပြည်နယ်အတွင်းက မြို့နယ်အများစုမှာကြုံတွေ့နေရတာက ခိုးဝင်ဘင်္ဂလီနဲ့စစ်ဘေးဒုက္ခသည်တွေရဲ့အခြေအနေပါ။ ဒုတိယလှိုင်းကို ရခိုင်ပြည်နယ်ကနေ မစတင်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်ရာမှာ ဒီအခြေအနေနှစ်ရပ်က အဟန့်အတားဖြစ်နေပြီး စိုးရိမ်စရာဖြစ်နေပါတယ်။ 

“ ဒုတိယလှိုင်းအနေနဲ့ ပြန်စလာရင် ပြည်တွင်းကတော့ ထွက်လာမှာမဟုတ်ဘူး။ နိုင်ငံခြားက ပိုးသယ်ဆောင်လာတဲ့ တစ်ယောက်ယောက်က ဝင်လာပြီး ပြည်သူလူထုကြားထဲ ဖြန့်လိုက်တာပဲ။ အဓိကက နိုင်ငံခြားက ပြန်လာတဲ့လူတွေကတော့ ကွာရန်တင်းဝင်ရတာပဲ။ မလွတ်ပါဘူး ။ တရားဝင်လမ်းကြောင်းကပေါ့။ စတွေ့တဲ့ဘဏ်က တစ်ယောက်က တရားမဝင်လမ်းကြောင်းက ဝင်လာတဲ့လူတစ်ဦးဦးနဲ့ ထိစပ်မှုဖြစ်နိုင်ပါတယ် ။ အဲဒီလူက မြို့ပေါ်ရောက်လာပြီး သွားလာခဲ့ရာကနေ ထိတွေ့မှုဖြစ်ခဲ့နိုင်တာပေါ့။ လက္ခဏာမပြဘဲ တဆင့်တဆင့်ဖြန့်နေတာ ဖြစ်နိုင်တယ်။ တစ်ယောက်တည်းဆိုရင်တောင် ပြည်တွင်းကူးစက်မှုက လျှော့တွက်လို့ မရဘူး။ ခြောက်ယောက်ဆိုတာ တော်တော်စိုးရိမ်စရာအနေအထားပါပဲ" လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက Duwun ကို ပြောပါတယ်။ 

ဗီယက်နမ်ကပေးတဲ့ သင်ခန်းစာ

အာဆီယံဒေသတွင်းမှာ ကိုဗစ်-၁၉ကပ်ရောဂါကို အကောင်းဆုံးထိန်းချုပ်ပြီး တုံ့ပြန်နိုင်ခဲ့တဲ့ နိုင်ငံအဖြစ် ဗီယက်နမ်ဟာသတင်းမွှေးခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဒုတိယလှိုင်း(Second Wave )နဲ့ ပြန်လည်ရင်ဆိုင်နေရပါပြီ။ ၂၀၂၀၊ ဇန်နဝါရီမှာ ဝူဟန်ပြန်တစ်ယောက်နဲ့စတင်ခဲ့တဲ့ ဗီယက်နမ်ရဲ့ကိုဗစ်-၁၉ ပထမလှိုင်းဟာ ဧပြီလမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီအခြေအနေက ဗီယက်နမ်အစိုးရအပါအဝင် ပြည်သူတွေကို ပေါ့ဆစေခဲ့ပြီး ဒုတိယလှိုင်းဖြစ်ပွားစေမယ့်အခြေအနေကိုရင်ဆိုင်ခဲ့ရပါတယ်။ 

ကိုဗစ်-၁၉ရောဂါပိုးကင်းစင်ပြီလို့ကြေညာခဲ့ပြီးနောက် ပုံမှန်အတိုင်းပြန်လည်လည်ပတ်လာခဲ့တဲ့ ဗီယက်နမ်မှာ သုံးလအကြာမှာ ဇူလိုင်လကစတင်ပြီး ပြည်တွင်းကူးစက်နှုန်းဟာ ဒုတိယလှိုင်းအဖြစ် အရှိန်ပြင်းပြင်းနဲ့ဝင်ရောက်လာခဲ့ပါတယ်။ ဒါနန်းမြို့ကစတင်ခဲ့တဲ့ ဗီယက်နမ်ရဲ့ ကိုဗစ်ဒုတိယလှိုင်းဟာ သြဂုတ်လအတွင်းမှာတော့ တစ်နိုင်ငံလုံး လူနာသစ် ၅၇၆ဦးအထိရှိလာပြီး ပြန်စခဲ့ရာအခြေစိုက်နေရာဖြစ်တဲ့ ဒါနန်းမှာတော့ ၅၀၉ဦးအထိရှိလာနေပြီး နေ့စဉ်လူနာသစ်တွေ တရိပ်ရိပ်တက်လာနေပါတယ်။ 

ဗီယက်နမ်ကပေးတဲ့သင်ခန်းစာက မြန်မာနိုင်ငံအတွက် အလေးအနက်ထားလေ့လာရမှာဖြစ်ပြီး ဗီယက်နမ်လိုအမှားမျိုးထပ်မံမကြုံတွေ့ရအောင် ပြင်ဆင်ရမှာပါ။ မြန်မာနိုင်ငံမှာလည်း တစ်လနီးပါး ပြည်တွင်းကူးစက်မှုနှုန်းကျဆင်းခဲ့ပြီးနောက်မှာ နိုင်ငံနဲ့နိုင်ငံသားတစ်ဦးချင်းစီရဲ့စီးပွားရေးအခြေအနေအရ မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေနဲ့ စားသောက်ဆိုင်အချို့ကိုပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။ တစ်လအတွင်းမှာ ကိုဗစ်-၁၉ရောဂါကို မြန်မာတွေမေ့သွားပြီး အရင်လိုဘဝမျိုးမှာပြန်လည်ကျင်လည်ခွင့်ရခဲ့ပါတယ်။

ဒီအခြေအနေကပဲ စစ်တွေက ပိုးတွေ့လူနာတွေဖြစ်ပေါ်လာစေခဲ့ပြီး ဒုတိယလှိုင်းအတွက် စိုးရိမ်ရမယ့်အခြေအနေနဲ့ရင်ဆိုင်လာရစေတာလို့လည်း ကျန်းမာရေးပညာရှင်တွေကတော့သုံးသပ်ပါတယ်။ “အပြင်မှာသွားနေတဲ့လူတွေကိုကြည့်ရင် ဒီနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါပိုးမရှိတော့သလိုပဲ။ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေတာမျိုးမပြောနဲ့ Mask တောင်မတပ်ဘဲ သွားလာနေတာတွေမြင်နေရတယ်။ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာမနေနနိုင်ရင်တောင် Mask တော့တပ်ဖို့အတွက်တိုက်တွန်းချင်ပါတယ်။"လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက သုံးသပ်ပြခဲ့ပါတယ်။ 

ဓာတ်ပုံ- နိရဉ္စရာ

ကိုဗစ် ဒုတိယလှိုင်းဖြစ်မလာစေဖို့ ဘယ်လိုထိန်းချုပ်မလဲ

ရခိုင်ပြည်နယ်မှာ တရားမဝင်ပြန်ရောက်လာသူအချို့က ဒုက္ခသည်စခန်းတွေမှာ သွားရောက် ခိုလှုံနေတာမျိုး ရှိနိုင်တဲ့အတွက် အဲဒီလို တရားမဝင်နေထိုင်သူတွေကို အကြောင်းကြားပေးဖို့နဲ့ ဆက်စပ်သံသယလူနာ ကွင်းဆက်ဖော်ထုတ်တဲ့အခါမှာလည်း ဒုက္ခသည်စခန်းတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်နေတယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်ဒုက္ခသည်တွေရဲ့အခြေအနေကလည်း မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့်ပြဿနာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်နိုင်ဖို့အတွက် ခက်ခဲတာတွေက လက်ရှိ ကိုဗစ်ပြဿနာအတွက် အဖြေရှာရခက်တဲ့ ပြဿနာတစ်ရပ်ဖြစ်နေတာပါ။ 

“ IDP Camp (ဒုက္ခသည်စခန်း) ဆိုတာက လူဦးရေအထူထပ်ဆုံးနဲ့ ပြွတ်သိပ်နေအောင် နေရတဲ့ နေရာတွေပဲ။Social distancing ပြောပေမဲ့လည်း လက်တွေ့မှာ ခက်တယ်။ နယ်စွန်ရောက်လေ ပိုဒုက္ခရောက်လေပါပဲ။ မနေ့ကတော့ ပြည်နယ်မှာ ကိုဗစ်ကော်မတီက အစည်းအဝေးလုပ်တယ်။ (ဒုက္ခသည်စခန်းတွေနဲ့ပတ်သက်ပြီး) အထူးညွှန်ကြားချက်လာတာမျိုးတော့ မရှိသေးဘူး။ ကွာရန်တင်းတွေ လော့ဒေါင်းချတာတွေကတော့ ကျန်းမာရေးဘက်က ဆောင်ရွက်တာဆိုတော့ ဘယ်လိုလာမလဲ မသိသေးဘူး" လို့ ရခိုင်ပြည်နယ် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးက Duwun ကိုပြောပါတယ်။

ကိုဗစ်ဒုတိယလှိုင်းအတွက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအပါအဝင် တာဝန်ရှိတဲ့အဖွဲ့အစည်းတွေကတော့ ကြိုတင်ပြင်ဆင်မှုတွေကို လွန်ခဲ့တဲ့နှစ်လနီးပါးကတည်းကပြင်ဆင်နေခဲ့ကြတာပါ။ ဒါပေမယ့် တကယ့်မြေပြင်အခြေအနေမှာတော့ မမျှော်လင့်ထားတဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်ရမှာက မလွဲမသေပါပဲ။

လူထုအနေနဲ့လည်း ကျန်းမာရေးအသိနဲ့ ပူးပေါင်းကာကွယ်မှုတွေလိုအပ်နေပါတယ်။ စစ်တွေကနေ ကိုဗစ်ဒုတိယလှိုင်းမစတင်စေဖို့အတွက် ကာကွယ်နေကြပေမယ့် တကယ်တမ်း ဒုတိယလှိုင်းစတင်လာရင် တစ်နိုင်ငံလုံးအရေးဖြစ်လာမှာပါ။ ဒီတော့ စစ်တွေကို ဗဟိုပြုနေတဲ့ ကိုဗစ်ဒုတိယလှိုင်းကို တစ်နိုင်ငံလုံး ညီညီညွတ်ညွတ်တွန်းလှန်နိုင်ဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း…….။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က