လူနာနဲ့ထိတွေ့ထားသူ (၁၁)ဦးရှိပါတယ်။
Ei Ei Htun

မနေ့ညကတွေ့ရှိတဲ့ စစ်တွေက ထပ်တိုးလူနာက ဘင်္ဂလားဒေ့ရှ် ကနေပြန်လာတဲ့သူဖြစ်ပြီး ဘင်္ဂလားဒေ့ရ်ှကနေ စစ်တွေကို လှေကြုံနဲ့လိုက်ပါလာတဲ့သူဖြစ်တယ်လို့ သိရပါတယ်။ 

စစ်တွေကိုရောက်ရောက်ချင်းမှာပဲ ဟိုတယ် Quarantine ဝင်နေကာ Quarantineဝင်နေစဉ်ကာလအတွင်းမှာပဲ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

လူနာနဲ့ထိတွေ့ထားသူတွေကလည်း (၁၁)ယောက်ရှိတယ်လို့သိရပါတယ်။ 

“ သူနဲ့ထိတွေ့ထားသူ (၁၁)ယောက်ကိုတော့ Quarantine ထားထားပါတယ်။ အဲဒီမှာ သူနဲ့အတူလှေပေါ်ပါတဲ့ ရေယာဉ်ဝန်ထမ်း (၈)ယောက်နဲ့ ဟိုတယ်က ထိတွေ့ထားသူ (၃)ယောက်ပါ။ သူတို့ကိုလည်း ဓာတ်ခွဲစစ်ဆေးဖို့တွေရှိပါတယ်”လို့ စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဒေါက်တာစိုးဝင်းပိုင်က Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ လူနာနဲ့ထိတွေ့ထားသူ( ၁၁)ဦးရှိထားပြီး လှေပေါ်မှာလာပါလာတဲ့ သူတချို့နဲ့ လူနာငှါးရမ်းစီးခဲ့တဲ့ သုံးဘီးဆိုင်ကယ်သမားတို့ကိုတော့ စုံစမ်းရှာဖွေနေဆဲသိရပါတယ်။

ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့သူတွေထဲက(၈)ဦးထိရောဂါပိုးတွေ့ရှိထားပြီး ကနဦးတွေ့ရှိခဲ့တဲ့ လူနာ (၇)ဦးက ဘူးသီးတောင်နဲ့ မောင်တောတို့ကဖြစ်ပါတယ်။ မနေ့ညက တွေ့ရှိခဲ့တဲ့လူနာကတော့ စစ်တွေမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့လူနာပါ။

လူနာကိုတော့ စစ်တွေဆေးရုံမှာပဲ ဆေးကုသမှုဆောင်ရွက်ပေးလျှက်ရှိပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်ပြန်လာတဲ့သူတွေရှိနေပြီး ပြန်လာတဲ့သူတွေကိုမဖြစ်မနေ Quarantine ဝင်ရောက်စေကာ ရောဂါပိုးစစ်ဆေးမှုတွေလုပ်ဆောင်ပေးလျှက်ရှိပါတယ်။ အဲဒီထဲကနေ ရောဂါပိုးတွေ့ရှိမှုတွေလည်းရှိနေပြီး သူတို့နဲ့ ထိတွေ့ထားသူ အားလုံးကိုပါ သက်ဆိုင်ရာနေရာတွေမှာ Quarantine ထားရှိထားတယ်လို့သိရပါတယ်။






က္က