အခုချိန်ထိ ရန်ကုန်မြို့အဝင်ဂိတ်မှာ ဆက်လက် စစ်ဆေးနေတုန်းလို့ သိရပါတယ်။

ဒီနေ့ နံနက်ပိုင်းကစပြီး ရန်ကုန်မြို့အဝင်နေရာဖြစ်တဲ့ မီးနင်းချောင်းဂိတ်ကနေ ရန်ကုန်ထဲဝင်မယ့် ကားများကို စစ်ဆေးမှုတွေ စတင်ပြုလုပ်နေရာ ယခုအချိန်ထိ ရခိုင်ကနေ ရန်ကုန်ဝင်သို့ ဝင်ရောက်လာတဲ့ ကားအစီးရေ (၂၂) စီး ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ကား (၂၂) စီးမှာ စစ်တွေကနေ ပါလာတဲ့ ခရီးသည် (၇၉)ဦးရှိခဲ့ပြီး ထိုသူတွေကို ကျန်းမာရေး စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ဖို့အတွက် လှိုင်မြို့နယ်မှာရှိတဲ့ လှိုင်တက္ကသိုလ်မှာ ကွာရန်တင်းထားဖို့အတွက် ပို့ဆောင်ထားတယ်လို့ တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှု ဦးအောင်ကျော်စိုးက Duwun ကို ပြောပါတယ်။



“မနက် (၄)နာရီက စပြီး ရခိုင်က ဝင်လာတဲ့ ကားတွေကို စစ်ဆေးနေတာပါ။ ရခိုင်ကနေ လာတဲ့ ကားအစီးပေါင်း (၂၂)စီး စစ်ဆေးတယ်။ လူဦးရေ ၄၃၀ ပေါ့။ လိပ်စာတွေ အကုန်မေးတယ်။ စစ်တွေကနေ လာတယ်ဆိုရင် ကားပေါ်မှာ ပါတဲ့လူတွေ ကားအားလုံး ကွာရန်တင်း ဝင်ရမယ်လို့ အကျိုးအကြောင်းလေး ရှင်းပြတယ်။ စိုးရိမ်တဲ့အတွက် ရန်ကုန်ဝင်လာရင် ဒါကို ထိန်းချုပ်တဲ့ သဘောမျိုးအနေနဲ့ ကျွန်တော်တို့ က စစ်ဆေးတယ်။ ဆောင်ရွက်တယ်။ မနက်က (၇၉) ဦး ကို လှိုင်တက္ကသိုလ်မှာရှိတဲ့ D အဆောင်ကို ပို့တယ်။ ရန်ကုန် အဝင်ကိုတော့ မပိတ်ဘူး။ စစ်တွေကဆိုရင် ကွာရန်တင်းသွင်းလိုက်တယ်။ အခုချိန်ထိလည်း ဝင်နေတုန်းပါ။ စစ်တွေက လူပါရင် အားလုံးကို ကွာရန်တင်း ဝင်စေပါတယ်။ သူတို့ကိုလည်း လိုအပ်တဲ့အကူအညီတွေ ပေးပါတယ်” လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့အဝင် မီးနင်းချောင်းက ကားအဝင်တွေကို စစ်ဆေးလျက်ရှိပြီး ထိုနေရာမှ လွတ်သွားတဲ့ ကားများကို တိုက်ကြီးမြို့နယ် တိုးဂိတ်ဟောင်း၊ အောင်မင်္ဂလာအဝေးပြေး ကားကွင်းတွေမှာ တာဝန်ရှိသူများက ဆက်လက်စောင့် ကြည့် စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရောဂါပိုးကူးစက်ပြန့်ပွားမှုရှိနေတဲ့ စစ်တွေမြို့က နေရာတချို့ကိုလည်း lockdown ပြုလုပ်ထားပြီး လူနာတွေကိုတော့ စစ်တွေ ဆေးရုံမှာ ဆေးကုသမှုတွေဆောင်ရွက်ပေးလျှက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှု မရှိတာ တစ်လကြာမြင့်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၁၆ ရက်နေ့ကမှစပြီး ပြည်တွင်းကူးစက်လူနာများ တွေ့ရှိခဲ့ရာ ယနေ့ (သြဂုတ်လ ၂၁ ရက်) မနက်အထိ စုစုပေါင်း ၁၉ ဦး တွေ့ရှိိိထားပြီ ဖြစ်ပါတယ်။ ယခုအခါပြည်တွင်းကူးစက်လူနာတွေကို ဆက်တိုက်တွေ့ရှိလာရာမှာ ကိုဗစ်ဒုတိယလှိုင်းကို စိုးရိမ်မှုတွေရှိနေကြပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေကို တစိုက်မတ်မတ်လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်လျက်ရှိပါတယ်။

Share

Loading Next Article...
က္က