ရခိုင်ကပြန်လာပြီး ကျန်းမာရေးဌာနတွေကို မဆက်သွယ်တာ ထက်ဝက်ခန့်ရှိနေတာဖြစ်ပါတယ်။

စစ်တွေကနေ ရန်ကုန်သို့ လေယာဉ်နဲ့ပြန်လာသူတွေကို နာမည်၊လိပ်စာတွေနဲ့တကွ နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်သွင်းဖော်ပြမှာဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း မဆက်သွယ်ပါက အရေးယူမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ 

ဒီကနေ့ စက်တင်ဘာလ (၇) ရက်နေ့မှာ ပြုလုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် Quarantine စင်တာတွေနဲ့ ပတ်သက်ပြီး နေပြည်တော်ကောင်စီဝင်ဦးညီထွန်း၊ ရန်ကုန်တိုင်း၊ ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချစ်ကိုဟန်၊ We Love Yangon၊ EC Member ဦးမောင်မောင်အေးတို့နဲ့ အပြန်အလှန်တိုက်ရိုက်ဆွေးနွေးခြင်းအစီအစဉ်မှာပြောခဲ့တာဖြစ်ပါတယ်။



စစ်တွေကနေ ရန်ကုန်သို့ပြန်လာသူတွေကို သတင်းစာတွေထဲမှာ နာမည်တွေနဲ့ထည့်သွင်းဖော်ပြပြီး သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်ပြီး အသိပေးပါလို့ ပြောထားပေမယ့် တစ်ဝက်လောက်က အခုထိ မဆက်သွယ်သေးတာကြောင့် လိပ်စာတွေပါထည့်သွင်းပြီး ထပ်မံဖော်ပြမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။

“အခုလိပ်စာတွေပါထည့်ပါမယ်။ ဒါမှ ဘေးက အိမ်နီးနားချင်းတွေ၊ မိတ်ဆွေတွေ ဒါဘယ်သူတွေလဲဆိုတာ သိပြီး အကြောင်းကြားနိုင်အောင်လို့။ ရက်ပိုင်းအချိန်အတိုင်းအတာတစ်ခုထိပေးပါမယ်။အဲဒီအတွင်းမှာ ကိုယ့်သဘောဆန္ဒအရ မဆက်သွယ်ဘဲ နောက်မှပါမှန်းသိရင် အရေးယူပါမယ်။ အရေးယူတယ်ဆိုတာ ဒဏ်ပေးချင်တဲ့စိတ်မဟုတ်ဘူး။ သတိပေးချင်တဲ့စိတ်နဲ့။ ဒီလိုမလုပ်လို့ကတော့ ရန်ကုန်လိုနေရာမျိုးမှာ အမြန်ပြန့်သွားနိုင်ပါတယ် “ လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ 

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်ကနေ ပြန်လာပြီး မဆက်သွယ်သူတွေကို ပြည်သူတွေက သတင်းပေးကြဖို့ တိုက်တွန်းလိုပြီး ဒါဟာ အတင်းပြောတာမဟုတ်ဘဲ အားလုံးအတွက်သာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

သြဂုတ်လ ၁၀ ရက်နောက်ပိုင်း ရခိုင်ကနေ လေကြောင်းခရီးနဲ့ ရန်ကုန်ကို ရောက်လာသူ ၅၄၀၀ ကျော်ကို ကျန်းမာရေးဌာနတွေက ဆက်သွယ်အကြောင်းကြားပေမယ့် ဖုန်းချသွားတာ၊ ဖြေကြားဖို့ ငြင်းဆန်တာ၊ ဖုန်းနံပါတ်မှားနေတယ်ပြောပြီးထပ်မံဆက်သွယ်မရတာက ထက်ဝက်ကျော်ရှိနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်းသတင်းထုတ်ပြန်ထားပါတယ်။ 

ရခိုင်က ပြန်လာသူ ၂၅၄၇ ဦးဟာ ဖုန်းပြန်လည်ဖြေကြားမှုမရှိခဲ့သလို လက်ခံဖြေကြားခဲ့သူ အချို့မှာလည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးဌာနတွေကို ဆက်လက်သတင်းပို့တာနဲ့ အသွားအလာကန့်သတ်တဲ့လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်းနေတယ်လို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က