‌သွေးနမူနာရယူစစ်ဆေးမှုကို သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၅ ရက်နေ့အထိလုပ်ဆောင်သွားမှာပါ။

စစ်တွေမှာ ပြည်တွင်းကူးစက်မှု အခြေအနေကို သိရှိနိုင်ဖို့ ရောဂါကူးစက်နိုင်ခြေများတဲ့ လူအုပ်စုတွေကို အဓိကထားပြီး သွေးနမူနာရယူစစ်ဆေးနေပြီလို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ရောဂါကူးစက်နိုင်ခြေများပြီး အများပြည်သူနဲ့ ထိစပ် လုပ်ကိုင်နေရတဲ့ နေရာတွေဖြစ်တဲ့ ဆေးရုံ၊ IDP စခန်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးခန်း၊ ဈေး၊ ဘဏ် ၊ကိုဗစ်အတည်ပြုလူနာတွေ့ရှိတဲ့ ရပ်ကွက်တွေ၊ အစိုးရဝန်ထမ်းတွေကို အဓိက စစ်ဆေးမှာဖြစ်ပြီး လူပေါင်း ၁၂၀၀ ကို သွေးနမူနာရယူစစ်ဆေးမှာဖြစ်တယ်လို့ ဆိုပါတယ်။



ဒီနေ့ သြဂုတ်လ ၃၁ ရက်ကစတင်ကာ သွေးနမူနာရယူစစ်ဆေးနေပြီး  ပြည်နယ်ကျန်းမာရေးဌာနက ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံဝန်ထမ်းတွေ စုစုပေါင်း အယောက် ၂၆၀ ကိုတော့ ဒီကနေ့မှာ စစ်ဆေးခဲ့တယ်လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ဆိုပါတယ်။

"ဒီနေ့ ပြည်နယ်ကျန်းမာနဲ့ ဆေးရုံဝန်ထမ်း ၂၆၀ ကို သွေးဖောက်ယူတယ်။ မနက်ဖန်ကို စစ်တွေမြို့မဈေးနဲ့ ဘဏ်က လူတွေကို သွေးဖောက်မယ်။ နောက်ပြီး ကိုဗစ်အတည်ပြုလူနာ အများဆုံးတွေ့ရှိရတဲ့ ရပ်ကွက်တွေထဲက ကူးစက်မှုအများဆုံး ရပ်ကွက် (၅) ခုကို သွားမယ်။ ပြည်တွင်းကူးစက်မှုကို သိရှိဖို့ ကျပန်းသွေး နမူနာယူစစ်ဆေးတာပါ "လို့ ဒေါက်တာ စိုးဝင်းပိုင်က ဆိုပါတယ်။ 

ဒီလို သွေးနမူနာ ရယူစစ်ဆေးမှုကို ဒီကနေ့ သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၅ ရက်နေ့အထိလုပ်ဆောင်သွားမှာဖြစ်ပြီး သွေး နမူနာ စစ်ဆေးမှုရလဒ်အပေါ်မူတည်ကာ Positive တွေ့ရှိရင် ရောဂါအတည်ပြုနိုင်ဖို့အတွက် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူပြီး ထပ်မံ စစ်ဆေးသွားမယ်လို့သိရပါတယ်။

ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့ မနက် ၈ နာရီအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ သြဂုတ်လ ၁၆ ရက်နောက်ပိုင်းကစပြီး ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၃၄၆ ဦးရှိနေခဲ့ရာမှာ စစ်တွေမြို့မှာတော့ ပိုးတွေ့လူနာ ၁၈၂ ဦးနဲ့ ပိုးတွေ့လူနာအများဆုံးမြို့ ဖြစ်နေပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်)

Share

Loading Next Article...
က္က