စစ်တွေမှာ ကိုဗစ်ပြန့်ပွားနေခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ကူးစက်မှုက ကိုဗစ် ဒုတိယလှိုင်းမဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ‌ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

"တချို့က ဒါ ကိုဗစ်ဒုတိယလှိုင်းလားလို့ မေးပါတယ်။ ဒါ ကိုဗစ် ဒုတိယလှိုင်း မဟုတ်ပါဘူး။ စစ်တွေမှာ ကိုဗစ်ပြန့်ပွားမှု ဖြစ်နေပါတယ်။ တစ်နိုင်ငံလုံးမှာ ကိုဗစ်ဒုတိယလှိုင်းမဖြစ်အောင်လို့ကျွန်မတို့ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဟန့်တားနိုင်ပါတယ်" လို့ အတိုင်ပင်ခံက ပြောခဲ့ပါတယ်။



အခုလို ကိုဗစ်ကို တိုက်ထုတ်တဲ့အခါမှာ လူမျိုးဘာသာမရွေး နိုင်ငံမှာ မှီတင်းနေထိုင်သူအားလုံးအတွက် ညီညီမျှမျှ ကူညီပေးမှာဖြစ်ပြီး ပြည်သူတွေအနေနနဲ့လည်း အဲဒီစိတ်ဓာတ်နဲ့ ဝိုင်းဝန်းကူညီပေးစေချင်တယ်လို့ အတိုင်ပင်ခံက ပြည်သူကို ပန်ကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ကူးစက်ပျံ့နှံ့ ကိုဗစ်ပိုးက မျိုးဗီဇပြောင်းပိုး ဖြစ်နိုင်ပေမဲ့ ရာနှုန်းပြည့်မသေချာသေးဘူးလို့လည်း အတိုင်ပင်ခံက ဆိုပါတယ်။

ဒီအတွက် ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်နေပြီး နောက် (၃)ရက်နေရင် အဖြေသိရမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက်မှာ Duwun ကို ဖြေကြားခဲ့ပါတယ်။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူကို အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဖေ့စ်ဘွဝ်စာမျက်နှာကနေ သြဂုတ်လ ၂၄ ရက်ည ၈ နာရီခွဲမှာ ပြောကြားသွားခဲ့ပါတယ်။

မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က စေတနာ့ဝန်ထမ်းတွေကိုလည်း ဖိတ်ခေါ်ထားပြီး ရခိုင်ပြည်နယ်ကိုသွားမယ့် စေတနာ့ဝန်ထမ်းတွေအတွက် ကုန်ကျစရိတ်အားလုံးကို အစိုးရက အကုန်ကျခံမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးချက်ရဲ့ တွေ့ရှိချက်အရ စစ်တွေမှာ ကိုဗစ်အဓိကပြန့်သွားတဲ့နေရာက စျေးများကဟု သုံးသပ်တဲ့ စျေးတွေသွားတဲ့အခါ အထူးဂရုပြုဖို့ကိုလည်း မှာကြားပါတယ်။

သြဂုတ်လ ၁၆ ရက်ကနေ ၂၅ ရက်မနက်ပိုင်းအထိ ၈ ရက်အတွင်း ရခိုင်ပြည်နယ်မှာ ကိုဗစ်လူနာ ၈၀ ဦးထိ ရှိနေပြီး စစ်‌တွေက  ၇၂ ဦး ၊ ဘူးသီးတောင်က ၄ ဦး၊ မြောက်ဦး ၃ ဦးနဲ့ သံတွဲ - ၂ ဦးတို့ ဖြစ်ကြပါတယ်။ ရခိုင်ပြည်နယ်မှ ရန်ကုန်ကိုလာတဲ့ အမျိုးသမီး နှစ်ဦးမှာလည်း ရောဂါပိုးတွေ့ရှိထားကာ အဆိုပါ နှစ်ဦးကို လေယာဥ်ပေါ်မှ ဆင်းဆင်းချင်း ကွာရန်တင်းထားရှိထားတယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဌာနက အတည်ပြုပါတယ်။ 

စစ်တွေမြို့က ကူးစက်ခံထားရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်း ၁၁ ဦးပါဝင်နေကြောင်း စစ်တွေမြို့နယ် ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က Duwun ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က