နောက်ထပ် ကျူးလွန်သူ(၃)ဦးနှင့် ငွေကျပ်သိန်း(၁၈၀၀)ကို ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေပါတယ်။
Mi Thawdar Aung

စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရမှုမှာ ကျူးလွန်သူ (၁)ဦးကို မော်တော်ယာဉ်နှင့် အတူဖမ်းဆီးရမိခဲ့ပြီလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Photo - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ဒီနေ့ညနေ ၄ နာရီ ၁၅ မိနစ်ချိန်ခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်မှာ အမည်မသိ လူ(၄)ဦးရောက်ရှိလာကာ ဓားတွေနဲ့ ခြမ်းခြောက်ပြီး ဘဏ်မှ ငွေကျပ်သိန်းပေါင်း ၁၈၀၀ ခန့်ကိုယူဆောင်ထွက်ပြေးသွားခဲ့မှု ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့ရာ အခင်းဖြစ်စဉ်က အသုံးပြုခဲ့တဲ့ Hi-Jet ယာဉ်နှင့်အတူ ကျူးလွန်သူတစ်ဦးကို ဖမ်းမိခဲ့ပြီး ကျန်(၃)ဦးကတော့ ငွေကျပ်သိန်းပေါင်း (၁၈၀၀)နှင့်အတူ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။

ဒီလို လိုက်လံဖမ်းဆီးခဲ့မှုနှင့်ပတ်သက်ပြီး Duwun က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီ ကိုဆက်သွယ်မေးမြန်းရာမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ လွတ်မြောက်ထွက်ပြေးသွားသူ (၃)ဦးကို ဖမ်းဆီးရမိရေးနှင့် ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်နေပြီး ဘဏ်အနီးတဝိုက် လုံခြုံရေးလုပ်ငန်းတွေကိုလည်း တိုးမြှင့်ထားတယ်လို့ သိရပါတယ်။


Author


က္က