ဒီကနေ့စပြီး အကျုံးဝင်မှာဖြစ်ပါတယ်။

Stay at Home ကန့်သတ်မြို့များဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်းမှ ၇ မြို့နယ်နှင့် ရခိုင်ပြည်နယ်မှလာသူများ နေပြည်တော်ကို ဒီကနေ့ စက်တင်ဘာလ(၂)ရက်နေ့ကစပြီး လာရောက်ပါက မဖြစ်မနေ ကွာရန်တင်း ဝင်ရောက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေတဲ့ မြို့နယ်တွေကလာတဲ့သူတွေ အနေနဲ့ တစ်ပတ်ခန့်ကွာရန်တင်းဝင်ရောက်ရမှာဖြစ်ပြီး ဓာတ်ခွဲ စစ်ဆေးမှုတွေလုပ်သွားမှာဖြစ်တယ်လို့ နေပြည်တော်ကောင်စီဝင် ဦးမင်းသူ Duwun ကိုပြောပါတယ်။ 



" နေပြည်တော်လာတဲ့သူအားလုံးကို စစ်ဆေးမယ်၊ နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာပါမှ အဝင်ခံပါမယ်။ ဒါက ညအိပ်လာတာပဲဖြစ်ဖြစ် နေ့ချင်းပြန်ဖြစ်ဖြစ် အားလုံးလိုပါတယ်။ မနေ့ကဆို ရန်ကုန်မှာလည်း stay at home မြို့နယ်တွေ ကန့်သတ်ကြေညာလိုက်တယ်။ အဲဒီမြို့နယ် (၇) မြို့နယ်က လာတဲ့သူတွေနဲ့ ရခိုင်ကလာတဲ့ သူတွေကတော့ မဖြစ်မနေ ကွာရန်တင်းဝင်ရောက်ရမှာပါ" လို့ ဦးမင်းသူကပြောပါတယ်။ 

ရောဂါဖြစ်ပွားတဲ့ မြို့နယ်တွေကနေ နေပြည်တော်ကိုလာတဲ့သူတွေအနေနဲ့ တစ်ပတ် ကွာရန်တင်းဝင်ရမှာဖြစ်ပြီး (၅)ရက်အတွင်း နှာခေါင်းတို့ပတ်ယူကာ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်သွားမှာဖြစ်ပါတယ်။ ဓာတ်ခွဲ စစ်ဆေးပြီး ရောဂါပိုးတွေ့ရှိမှ သက်ဆိုင်ရာသွားမယ့်နေရာတွေကို သွားခွင့်ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နေပြည်တော်ကနေ အခြားအရပ်ဒေသကို သွားရောက်သူတွေအနေနဲ့လည်း ပြန်လည်ရောက်ရှိလာပါက ကွာရန်တင်းဝင်ပြီး ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အခုလိုလုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ငြင်းဆန်တဲ့သူတွေနဲ့ ကိုယ်ရေးအချက်အလက် မှန်ကန်စွာစာရင်းမပေးတဲ့ သူတွေကိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)နဲ့ အရေးယူမှာသွားမှာဖြစ်တယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က