
Stay Home သတ်မှတ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ် (၇) မြို့နယ်ကနေ မန္တလေးတိုင်းအတွင်းသို့ ဝင်ရောက်လာသူ မည်သူမဆို ဓာတ်ခွဲစစ်ဆေးရာမှာ ကုန်ကျစရိတ်၊ ကွာရန်တင်းဝင်နေစဉ်ကာလအတွင်း ကုန်ကျစရိတ်ကို ကာယကံရှင်မှ ကျခံရမယ်လို့ စက်တင်ဘာ ၆ ရက်နေ့က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးချက် ထုတ်ပြန်ထားပါတယ်။

အဆိုပါကြေညာချက်ကို မန္တလေးတိုင်းမြို့တော်ဝန် ဒေါက်တာရဲလွင်က လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးဖော်ပြထားပြီးမည်သည့်အကြောင်းကြောင့်ပဲဖြစ်ဖြစ် Stay Home မြို့နယ်က လာရောက်သူတွေအနေနဲ့ တိုင်းဒေသကြီးမှပြင်ဆင်ထားတဲ့ Community Based Facility Quarantine စင်တာမှာ (၁၄) ရက်နေထိုင်မှာဖြစ်ပြီး ကွာရန်တင်းကာလအတွင်း ဓာတ်ခွဲနမူနာ (၂) ကြိမ် ရယူစစ်ဆေးမှုကို ခံယူကာ ပိုးမတွေ့ပါက နေအိမ်ကွာရန်တင်း သို့မဟုတ် Community Based Quarantine နေထိုင်ပြီးမှသာ မန္တလေးတိုင်းအတွင်းသို့ ဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ်။



ဓာတ်ပုံ-မန္တလေးမြို့အတွင်း ဝင်လာသည့်ယာဉ်များကိုစစ်ဆေးနေစဉ်။

အစိုးရဌာနဆိုင်ရာလုပ်ငန်း၊ NGO,INGO ဆိုင်ရာလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်း စတဲ့ ကိစ္စရပ်တွေကြောင့် လာရောက်သူတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ Community Based Facility Quarantine နေရာမှာ (၇) ရက်နေထိုင်ရမှာဖြစ်ပြီး အဆိုပါ (၇) ရက်အတွင်း ဓာတ်ခွဲနမူနာ နှစ်ကြိမ်စစ်ဆေးပြီး ရောဂါမရှိကြောင်း အဖြေရရှိမှသာ သက်ဆိုင်ရာ နေရာဒေသတွေကို သွားရောက်ရမှာဖြစ်တယ်လို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းကနေ Stay Home မြို့နယ်တွေကို သွားရောက်ခဲ့ပြီး ပြန်လည်ဝင်ရောက်မယ့်သူတွေအနေနဲ့လည်း ကွာရန်တင်းစင်တာမှာ ၁၄ ရက် နေထိုင်ကာ ဓာတ်ခွဲနမူနာ နှစ်ကြိမ်စစ်ဆေးခံယူရမှာဖြစ်ပြီး ပိုးမတွေ့ပါက နေအိမ် ကွာရန်တင်း (၇)ရက်နေပြီးမှသာ နေရပ်ကို သွားခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။

Stay Home မြို့နယ်မှာမပါဝင်တဲ့ အရပ်ဒေသက လာရောက်သူတွေအနေနဲ့လည်း တိုင်းစစ်ဆေးရေးအဖွဲ့တွေရဲ့ ကျန်းမာရေးစစ်ဆေးမှုခံယူပြီး သံသယဖြစ်ဖွယ်လက္ခဏာတွေ့ရင် လိုအပ်တဲ့ဆေးကုသမှုခံယူရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါ အသိပေးကြေညာချက်ဟာ စက်တင်ဘာ (၇) ရက်က စတင်အကောင်အထထည်ဖော်မှာဖြစ်ပြီး အများပြည်သူတွေအနေနဲ့ ဘယ်မြို့ကိုသွားရောက်ခဲ့ကြောင်းတင်ပြဖို့ ငြင်းဆန်သူတွေနဲ့ နေရပ်လိမ်လည် ဖော်ပြသူတွေ၊ သွားရောက်ခဲ့တဲ့နေရာတွေကို မမှန်မကန်ဖြေကြားသူတွေ၊ စစ်ဆေးမှုကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) အရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က