ပညာရေးဝန်ကြီးဌာနက KG+ 12 သင်ရိုးသစ်ကို အကောင်အထည်ဖော်နေတာပါ။
Mi Thawdar Aung

စတုတ္တတန်း (Grade 5) အောင်မြင်သူတွေက အခုပညာသင်နှစ်ကစပြီး သင်ရိုးသစ် နဲ့ သင်ကြားတဲ့ (ဆဌမတန်း) Grade 6 ကို ပြောင်းလဲသင်ကြားနေရပြီဖြစ်ပါတယ်။

သင်ရိုးညွှန်းတမ်းအသစ်မှာ KG တန်း၊ ပထမတန်း (Grade 1) ၊ ဒုတိယတန်း (Grade 2) ၊ တတိယတန်း (Grade 3) စသည်ဖြင့်ခေါ်ဆိုပြီး မူလတန်းအဆင့်ကို Grade (5) အထိ သတ်မှတ်ထားတာပါ။

ဒါကြောင့် သင်ရိုးဟောင်းနဲ့ စတုတ္တတန်း  (Grade 5 ) အောင်မြင်ပြီးသူတွေအနေနဲ့ စနစ်သစ်နဲ့ သင်ကြားမယ့် အလယ်တန်းအဆင့် ဆဌမတန်း (Grade 6) ကို တက်ရောက်သင်ကြားရတာဖြစ်ပါတယ်။

စနစ်သစ်အပြောင်းအလဲမှာ လေးတန်းအောင်ပြီး ခြောက်တန်းကို ရောက်သွားတယ်လို့ ထင်နေကြတဲ့အပေါ် ပညာရေးသုတေသနစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လတ်ထွန်းက အခုလိုရှင်းပြပါတယ်။

  “ စနစ်သစ်အရ Grade 6 သည် အလယ်တန်းရဲ့ အစဖြစ်တယ်။ တစ်နည်းအားဖြင့် မူလတန်းပညာပြီးဆုံးပြီး အလယ်တန်းအဆင့်ကို စဝင်လာတာဖြစ်ပါတယ်။ အခု အများပြည်သူ စိုးရိမ်နေသလို လေးတန်းကနေ ခြောက်တန်းရောက်သွားတယ်လို့ ပြောကြတယ်။ လေးတန်း က (Grade 5 ) ဖြစ်တယ်။ အခု Grade 5 ပြီးသွားလို့ သင်ရိုးသစ်ရဲ့ Grade 6 (ဆဌမတန်း) ကိုသင်ရတာပါ။ သင်ရိုးသစ်မှာ နဂိုသင်ရိုးဟောင်း ၇၀ ရာခိုင်နှုန်း ပါဝင်တယ်။ ဒါပေမယ့်ကျောင်းသားတွေရဲ့ ကိုယ်တိုင်တွေးတောမှု ပါဝင်နိုင်အောင်တော့ ပြောင်းလဲထားတယ်။” လို့ ဒေါက်တာ ဇော်လတ်ထွန်းက Duwun ကိုပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သင်ရိုးဟောင်းနဲ့ သင်ရိုးသစ် စနစ်။

လက်ရှိ ပညာရေးဝန်ကြီးဌာနရဲ့ ပညာရေးစနစ်သစ်အရ KG + ၁၂ တန်းကိုအကောင်အထည်ဖော်နေရာ ၂၀၁၆ ခုနှစ်ကစတင်ကာ KG တန်းကနေ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ပထမတန်း၊ ၂၀၁၈ ခုနှစ်မှာ ဒုတိယတန်းသင်ရိုးညွှန်းတမ်းအသစ်နဲ့ ပြောင်းလဲ့သင်ကြားခဲ့ပြီး အခု ၂၀၁၉ ခုနှစ်မှာ တတိယတန်းနဲ့ ဆဌမတန်းကို သင်ရိုးသစ်နဲ့ သင်ကြားနေတာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၀ ခုနှစ်မှာ စတုတ္တတန်း၊ သတ္တမတန်း၊ ဒဿမတန်း သင်ရိုးညွှန်းတမ်းအသစ်နဲ့ သင်ကြားရမှာဖြစ်ပြီး  ၂၀၂၁ ခုနှစ်မှာ ပဉ္စမတန်း၊ အဌမတန်း၊ ဧကဒဿမတန်း၊ ၂၀၂၂ ခုနှစ်မှာတော့ နဝမတန်းနဲ့ ဒွါဒဿမတန်း အထိ ရှိလာမှာဖြစ်ပါတယ်။


Author


က္က