သူတို့ ၃ ဦးကိုလည်း အခုလက်ရှိမှာ ဆေးစစ်ဖို့ခေါ်ဆောင်သွား
Mi Thawdar Aung

တရားဟောဆရာ ဒေးဗစ်လားတို့နဲ့အတူတူ ဘုရားကျောင်းတက်ဖူးခဲ့တဲ့ အလုံမြို့နယ် ကွင်းကျောင်း (၃) လမ်းမှာ နေထိုင်သူ မောင်နှမသုံးဦးကို ဆေးစစ်ဖို့ ခေါ်ဆောင်သွားပြီး သူတို့နေထိုင်ရာ ကွင်းကျောင်း (၃) လမ်းနဲ့ဆင်ရေကန်လမ်းတို့ကို Lock Down လုပ်ထားလိုက်ပြီလို့ အလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက Duwun ကိုပြောပါတယ်။

အဆိုပါ လမ်းတွေမှာရှိတဲ့ တိုက်ခန်းပေါင်း ၁၁၇ ခန်းနဲ့ အိမ်ခြေ ၁၁ အိမ်ကို lock down လုပ်ထားလိုက်ပြီး မိသားစုဝင်တွေအားလုံးကိုလည်း အသွားအလာကန့်သတ်လိုက်ပြီလို့ ဆိုပါတယ်။

“ မနေ့က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ပိုးတွေ့လူနာတွေနဲ့ အရင်တုန်းက အတူတူသွား၊အတူတူစားခဲ့တဲ့ မောင်နှစ်မ သုံးယောက်ရှိတယ်။ အဲဒီသုံးယောက်ကို ဆေးစစ်ဖို့လာခေါ်သွားတာ။ သူတို့နေတဲ့အိမ်အပြင် အဲဒီနားတစ်ဝိုက်အကုန်လုံးကို lock down ချထားတယ်။ “ လို့ ဒေါ်နွယ်နွယ်ဝင်းက Duwun ကိုပြောပါတယ်။

ခေါ်ဆောင်သွားတဲ့ မောင်နှမ (၃) ဦးဟာ တရားဟောဆရာဒေးဗစ်လားတို့နဲ့ တစ်ဖွဲ့တည်းဖြစ်ပြီး၊ အဆိုတော်မျိုးကြီး ရဲ့အမျိုးသမီးနဲ့ ခင်မင်ရင်းနှီးကာ သူတို့အိမ်တွေကိုလည်းအဝင်အထွက်ရှိခဲ့ဖူးတာကြောင့် ဆေးစစ်ဖို့ အတွက် ဆောင်ရွက်ရတာဖြစ်တယ်လို့ သိရပါတယ်။

မောင်နှစ်မသုံးဦးဟာ အစ်ကိုဖြစ်သူနဲ့ ညီအစ်မ နှစ်ဦးတို့ ဖြစ်ပြီးကွင်းကျောင်း (၃)လမ်းထိပ်က အိမ်နံပါတ် ၄၀ မှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။ သူတို့ကတော့ ရောဂါကူးစက်မှုပျံ့နှံခဲ့တဲ့ ဘာသာရေးပွဲအခမ်းအနားကိုတော့ သွားရောက်ခဲ့ဖူးတာမရှိခဲ့ဘူးလို့ ပြန်လည်ငြင်းဆိုထားတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းကပြောပါတယ်။

လက်ရှိမှာ ဘာသာရေးပွဲအခမ်းအနားကတစ်ဆင့် ရောဂါပိုးကူးစက်ခံရသူ ၂၅ ဦး ဝန်းကျင်အထိရှိနေပြီလို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဧပြီလ ၁၄ ရက်နေ့ ညနေပိုင်းအထိ COVID-19 Positive လူနာ ၆၂ ဦးအထိရှိနေပြီး သေဆုံးသူ ၄ ဦးနဲ့ ပြန်လည်ကောင်းမွန်သူ ၂ ဦးရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က