ဒီလို ပိုးပြန်တွေ့တာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

တာချီလိတ်မြို့က COVID-19 ရောဂါ ပျောက်ကင်းသွားခဲ့ပြီဖြစ်တဲ့ လူနာအမှတ် (၉၆) မှာ တစ်လကျော်ကြာပြီးတဲ့နောက် ရောဂါပိုးပြန်လည်တွေ့ရှိခဲ့တယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

တာချီလိတ်မြို့ရဲ့ ပထမဆုံးလူနာဖြစ်သူ ခွဲစိတ်ဆရာဝန်ကြီးဟာ ရောဂါပျောက်တာ တစ်လကျော်ပြီးတဲ့နောက် ရန်ကုန်ကိုပြန်ဖို့ ဆေးစစ်တဲ့အခါမှာ ပိုးတွေ့ခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောပါတယ်။ 



“ သူက အမှန်တကယ်တော့ ဂိုက်လိုင်းအတိုင်းဆို စစ်စရာမလိုဘူး။ ဒါပေမယ့်သူက ရန်ကုန်ပြန်မယ်ဆိုပြီးတော့ သူရဲ့ဆန္ဒသဘောအရ Swab ယူပြီး စစ်လိုက်တဲ့အခါမှာ ပိုးက ပြန်တွေ့တာ။ အခု ကျွန်တော်တို့ Contact တွေ လိုက်နေတယ်” လို့ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ဆိုပါတယ်။

Photo- ရောဂါပိုးပြန်လည်တွေ့ရှိခဲ့တဲ့ လူနာအမှတ် ၉၆ ကို ဆေးရုံကို ပြန်လည်ပို့ဆောင်စဉ်။

လူနာကို ရောဂါပျောက်ကင်းသွားပြီး အသွားအလာကန့်သတ်ရက်ပြည့်လို့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်က ကျိုင်းတုံဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၃၀ ရက်နေ့ည စစ်ဆေးချက်အဖြေအရ ရောဂါပိုးထပ်မံတွေ့ရှိခဲ့ရတာပါ။

လက်ရှိမှာ လူနာအမှတ် (၉၆) နဲ့ထိတွေ့ဆက်စပ်သူကို ရှာဖွေစုံစမ်းနေပြီး ဇွန်လ ၂၈ရက်နဲ့ ၂၉ ရက်တွေမှာ ထိတွေ့ခဲ့သူတွေကိုတော့ Facility ကွာရန်တင်းထားမှာဖြစ်ပါတယ်။ ဒါ့အပြင် လူနာဆေးရုံဆင်းခဲ့တဲ့ မေလ ၂၆ ရက်ကနေ ဇွန်လ ၂၇ ရက် အထိ တစ်လတာအတွင်းထိတွေ့ထားသူတွေကိုတော့ နေအိမ်ကွာရန်တင်းထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Photo- ရောဂါပိုးပြန်လည်တွေ့ရှိခဲ့တဲ့ လူနာအမှတ် ၉၆ ကို ဆေးရုံကို ပြန်လည်ပို့ဆောင်စဉ်။

“ ဇွန် ၂၈ နဲ့ ၂၉ ရက်အတွင်း ထိတွေ့ခဲ့သူကတော့ သူ့အမျိုးသမီးတစ်ယောက်ပဲရှိတယ်။ သူ့ကိုတော့ facility quarantine ထားမယ်။ ပြီးရင် ဓာတ်ခွဲနမူနာစစ်ဆေးမယ်ပေါ့။ နောက်ပြီး သူဆေးရုံဆင်းခဲ့တဲ့ရက်ကနေ တစ်လအတွင်းတော့ ထိတွေ့ခဲ့သူတွေရှိတယ်။ သူတို့ကိုတော့ နေအိမ်ကွာရန်တင်းလုပ်မယ်။ နေအိမ်ကွာရန်တင်းလုပ်ထားတဲ့သူတွေထဲကနေ ကျန်းမာရေးဝန်ထမ်းတွေကိုတော့ ဓာတ်ခွဲနမူနာစစ်ဆေးဖို့ ရှိတယ် ” လို့ လက်ထောက်ညွန်ကြားရေးမှူးး ဒေါက်တာဘစိုးသက်က ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူတွေထဲကနေ ၂၂၂ ဦးရောဂါပိုးပျောက်ကင်းသွားခဲ့ပြီး အခုလူနာအမှတ် (၉၆) ဟာ ရောဂါပိုးပျောက်ကင်းလို့ ဆေးရုံကဆင်းခွင့်ရပြီးမှ ရောဂါပိုးပြန်တွေ့ခဲ့တဲ့ ပထမဆုံးလူနာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က