ကျိုးကျသွားတဲ့လမ်းပိုင်းကို ကျောက်ကြမ်းတွေနဲ့ပြန်လည်ဖို့ယူနိုင်ခဲ့တာဖြစ်ပါတယ်။
Mi Thawdar Aung

မန္တလေးတိုင်း အမရပူရမြို့နယ် စစ်ကိုင်း-မန္တလေးကမ်းနားလမ်း ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်သွားတဲ့နေရာကို ကျောက်အပြည့်ဖြည့်ပြီးဖြစ်တာကြောင့် မြေနိမ့်ကျွံဝင်သွားတဲ့ စစ်ကိုင်း-မန္တလေးလမ်းကို မကြာခင်ပြန်လည် အသုံးပြုလို့ရနိုင်တော့မယ်လို့ သိရပါတယ်။

“ ကျိုးပေါက်သွားတဲ့နေရာကို ကျောက်ဖြည့်ပြီးပါပြီ။ ပိတ်တာကိုလည်း ကားတွေပြန်ဖြတ်နိုင်အောင် နောက်ထပ် Lane တစ်ခုစာ ကျောက်ထပ် ဖြည့်ပြီးပါပြီ။ ရေစိမ့်မှုစိတ်ချရအောင် လမ်းရဲ့မြစ်ဖက်အခြမ်းကို Geotextile Membrane ခင်းပြီး သဲအိတ်တွေနဲ့ဖိနေပါတယ်။ ပြီးရင် သဲဖြည့်ထားတဲ့ Geogags တွေခံပြီး သဲထည့်မှာပါ” လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကဆိုပါတယ်။



မန္တလေး အမရပူရမြို့နယ် ယဉ်တော်ရပ်ကွက် စစ်ကိုင်း-မန္တလေးကမ်းနားလမ်းဘေးက ရွှေဂဲရေဆိုးထုတ်စက်ရုံအနီးမှာ ဇူလိုင်လ ၁၉ ရက်နေ့ည ၇ နာရီကျော်အချိန်ခန့်က တာရိုးကျိုးပေါက်မှုဖြစ်ခဲ့ရာ နာရီပိုင်းအတွင်းမှာပဲ လမ်းထက်ပိုင်းကျိုးကျသွားခဲ့ပြီး ဇူလိုင်လ ၂၀ ရက်ညမှာတော့ ကျိုးကျသွားတဲ့လမ်းပိုင်းကို ကျောက်ကြမ်းတွေနဲ့ပြန်လည်ဖို့ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီတာရိုးကျိုးပေါက်မှုဖြစ်စဉ်ကြောင့် အနီးအနားက ရပ်ကွက် ၄ ခုရဲ့မြေနိမ့်ပိုင်းတွေထဲ ဧရာဝတီမြစ်ရေဝင်ရောက်မှုတွေရှိခဲ့ပြီး လူဦးရေ ခြောက်ထောင်ကျော်အထိ ဘေးလွတ်ရာကို ပြောင်းရွှေ့ကယ်ဆယ်ထားခဲ့ရတယ်လို့သိရပါတယ်။

ရေဝင်ရပ်ကွက်တွေထဲကရေတွေကို အမြန်ဆုံးလျော့နည်းသွားရအောင် တစ်နာရီကိုရေဂါလံတစ်သန်းနှုန်းနဲ့စုပ်ထုတ်ပေးနေတယ်လို့လည်း မြို့တော်ဝန် ဒေါက်တာရဲလွင်က ဆိုပါတယ်။

“ ရေစက်နေရာအထိပါ ရေတက်လာလို့ ဖြုတ်ထားရတဲ့ရေစုပ်စက်နှစ်ခု ပြန်လည်တပ်ဆင်ပြီး လည်ပတ်တာပါ၊ ညပိုင်းမှာ ရေဂါလံ ၅ သိန်း ထုတ်နိုင်တဲ့ နောက်ထပ်စက် ထပ်လည်ပတ်ပါမယ်၊ ပိုပြီးစိတ်ချရအောင် မြစ်ထဲမှာလည်း Sheet Pile တွေရိုက်နေပါပြီ၊ နောက်ထပ်တက်မယ့်မြစ်ရေအတွက်ပါ ကြိုတင်တွက်ချက်ရတာပါ” လို့လည်း မြို့တော်ဝန်ကပြောပါတယ်။

ဒီတာရိုးကျိုးပေါက်မှုဖြစ်စဉ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က (၃) ရက်အတွင်း ပြုပြင်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပြီး တာရိုးကျိုးပေါက်မှုကို ဖြစ်စဉ်ဖြစ်ပွားပြီး ၂၄ နာရီအကြာမှာပဲ ပြန်လည်ပြန်ဆို့ပိတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က