ဆိုင်ကယ်ကြောင့် ယာဉ်တိုက်မှုတွေ၊ ဒုစရိုက်မှု ကျူးလွန်မှုတွေ များနေပါတယ်။

မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုတွေ၊ ဒုစရိုက်မှုကျုးလွန်မှုတွေကို လျော့နည်းရေးအတွက် တရားမဝင် ဆိုင်ကယ်စီးနင်းသူတွေကို အရှိန်အဟုန်မြှင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၁၁ ရက်က ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးငြိမ်းချမ်းအောင် မေးမြန်းတဲ့ တရားမဝင် မော်တော်ဆိုင်ကယ်များ စီးနင်းမှု မပြုလုပ်အောင်ဆောင်ရွက်မည့် အစီအစဉ်၊ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း မော်တော်ဆိုင်ကယ်ကြောင့် ယာဉ်တိုက်မှု၊ ဒုစရိုက်မှု ကျူးလွန်ခြင်းတွေကို သိရှိလိုကြောင်း မေးခွန်းကို ဝန်ကြီးက ဖြေကြားခဲ့တာဖြစ်ပါတယ်။



၂၀၁၈ ခုနှစ်အတွင်း မော်တော်ဆိုင်ကယ်အစီးရေ (၄၇၆၆) စီးကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ မော်တော်ဆိုင်ကယ် အစီးရေ (၃၄၅၂) စီးကို ဖမ်းဆီးအရေးယူ ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မော်တော်ဆိုင်ကယ်ကြောင့် ယာဉ်တိုက်မှု (၆၄၄) မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ အမျိုးသား ၁၆၀ ဦး၊ အမျိုးသမီး ၂၄ ဦး၊ ဒဏ်ရာရရှိသူ အမျိုးသား ၆၈၅ ဦး၊ အမျိုးသမီး ၂၀၉ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ မော်တော်ဆိုင်ကယ်ကြောင့် ယာဉ်တိုက်မှု ၂၆၅ မှုရှိခဲ့ပြီး သေဆုံးသူ အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၁၈ ဦး၊ ဒဏ်ရာရရှိသူ အမျိုးသား ၂၄၃ ဦး၊ အမျိုးသမီး ၆၈ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

မော်တော်ဆုိင်ကယ်အသုံးပြုပြီး ဒုစရိုက်မှု ကျူးလွန်မှုမှာ ၂၀၁၈ ခုနှစ်မှာ လူသတ်မှု (၂) မှု၊ လုယက်မှု(၄၃)မှု၊ ခြောက်လန့် တောင်းယူမှု (၆) မှု စုစုပေါင်း (၅၁) မှု နှင့် ၂၀၁၉ ခုနှစ် ဇွန်လ (၁၅) ရက်နေ့ အထိ လူသတ်မှု (၁)မှု၊ လုယက်မှု (၁၀)မှု၊ စုစုပေါင်း (၁၁)မှု ဖြစ်ပွားခဲ့တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ရန်ကုန်တိုင်းမှာ ဆိုင်ကယ် စီးနင်းခွင့်မပြုသည့် မြို့နယ်ပေါင်း(၃၁) မြို့နယ်ရှိခဲ့တဲ့အနက်  အရှေ့ပိုင်းခရိုင်တွင် (၁၄)မြို့နယ်၊ အနောက်ပိုင်းခရိုင်တွင် (၁၃) မြို့နယ် နှင့် မြောက်ပိုင်းခရိုင်တွင် (၄) မြို့နယ်ရှိပြီး အဆိုပါ မြို့နယ်တွေမှာ ပညာပေးဟောပြောပွဲတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က