ပြစ်ဒဏ်ချမှတ်ဖို့ စီမံချက်ရေးဆွဲနေပြီလို့ ဆိုပါတယ်။
Mi Thawdar Aung

ရန်ကုန်မြို့မှာ တရားမဝင်ပြေးဆွဲနေတဲ့ စည်းကမ်းမဲ့ကြားကားတွေကို ယာဉ်ထိန်းရဲတပ်ဖွဲ့က အရေးယူမှုတွေ ပြုလုပ်နေပေမယ့် ထိရောက်မှုမရှိဘူးလို့ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ကြားကားတွေကို ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေပုဒ်မ (၆၅) အရ သုံးသောင်းထက်မပိုတဲ့ဒဏ်ငွေနဲ့ ဖမ်းဆီးအရေးယူနေပေမယ့် ထိရောက်မှုမရှိတာကြောင့် ပိုမိုထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ စီမံချက်ရေးဆွဲနေပြီလို့ ဝန်ကြီး ဒေါ်နီလာကျော်က ဆိုပါတယ်။

အောက်တိုဘာ ၁ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ သန်လျင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းရဲ့  အောက်ဆိုဒ်(ကြားကား)တွေ ပြေးဆွဲမှု ပပျောက်အောင် ဘယ်လိုဆောင်ရွက်နေသလဲလို့ မေးမြန်းရာ  ဝန်ကြီးက ဖြေကြားခဲ့တာပါ။

ရန်ကုန်တိုင်းအတွင်း ခရီးသွားပြည်သူတွေ အဆင်ပြေအောင် YBS ယာဉ်လိုင်းအချို့မှာ (၂၄) နာရီပတ်လုံး ပြေးဆွဲပေးနေပေမယ့် လူအချို့က ညပိုင်းအချိန်တွေမှာ တရားမဝင်ကြားကားတွေ ပြေးဆွဲနေတယ်လို့ ဆိုပါတယ်။

ညပိုင်းအချိန်တွေမှာ တရားမဝင်ကြားကားပြေးဆွဲမှု ဖမ်းဆီးအရေးယူမှုမှာ ၂၀၁၉ ခုနှစ် လက်ရှိအချိန်အထိ အရှေ့ပိုင်းခရိုင်မှာ (၄၈) မှု၊ အနောက်ပိုင်းခရိုင်မှာ (၉)မှု၊ တောင်ပိုင်းခရိုင်မှာ (၁၀)မှုနဲ့ မြောက်ပိုင်းခရိုင်မှာ (၈၁) မှု စုစုပေါင်း (၁၄၈) မှု ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ ကြားကားအစီးရေ (၁၅၄) စီးကို ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ညဘက်တွေမှာ YBS ယာဉ်တွေရှားပါးတဲ့ ပြဿနာတွေ ရှိနေတာကြောင့် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အနေနဲ့ ယာဉ်လိုင်းအချို့ကို ၂၄ နာရီပတ်လုံး ပြေးဆွဲကြပေမယ့် လုံလောက်မှု မရှိသေးဘူးလို့လည်း သိရပါတယ်။

လက်ရှိ ညပိုင်းချိန်တွေ ပြေးဆွဲတဲ့ ကြားကားတွေဟာ ခရီးသည်တွေအတွက် လုံခြုံမှုမရှိတာ၊ ဈေးနှုန်းပိုမိုတောင်းခံတာတွေ ရှိတယ်လို့ ခရီးသည်တစ်ချို့က ပြောကြပါတယ်။


က္က