Hmue Eain Zaw

ကားခေါင်းခန်းပါသူတွေဟာ ဓါးရှည်တွေထုတ်ပြပြီး လေးခွနဲ့ပစ်ခတ်ခဲ့တဲ့အပြင် တားဆီးရေးဂိတ်ကိုပါ တိုက်ဖျက်ခဲ့ပြီး အမြန်လမ်းမကြီးတိုးဂိတ် မောင်းတံကို ပါ တိုက်ချိုးပြီး ထွက်ပြေးသွားခဲ့ပါတယ်။

Photo - ရဲဇာနည်

မင်္ဂလာဒုံမြို့နယ်မှာ ကားဖမ်းဆီးရာကနေ ကားခေါင်းခန်းမှာ ပါလာတဲ့ လူတွေက ဓါးတွေ လေးခွတွေနဲ့ ပြန်လည်တိုက်ခိုက်တာကြောင့် ရဲတပ်ဖွဲ့ဝင်(၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မင်္ဂလာဒုံမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၉ ရက်နေ့ မနက် ၆ နာရီလောက်က ရဲလှည့်ကင်းယာဉ်နဲ့ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်စဉ် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာ၊ ဇေကမ္ဘာ R (၁၁) လမ်းပေါ်မှာ မောင်းနှင်လာတဲ့ ၆ ဘီးကားကို စစ်ဆေးဖို့ ရပ်တန်ခိုင်းခဲ့ပေမယ့် ကားက ရပ်မပေးပဲ ဆက်လက်မောင်းနှင်သွားခဲ့ပါတယ်။

ကားခေါင်း ခန်းပါလာတဲ့လူတွေက ဓားရှည်တွေ ထောင်ပြပြီး လေးခွနဲ့ပစ်ခတ်တာကြောင့် ရဲတပ်ဖွဲ့ဝင် (၁)ဦးရဲ့ ဝဲပုခုံးထိမှန်ဖူးယောင်ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီကားက ဆက်လက်ထွက်ပြေးမောင်းနှင်သွားခဲ့ပါတယ်။ အဲ့ဒီ ၆ ဘီးကားလွတ်မြောက်အောင်လည်း MARK II ကားတစ်စီးက လှည်းကင်း ကားတွေကို ပိတ်ဆု့ိမောင်းနှင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် Mark II ကားကို လှည့်ကင်းကားက ကျော်တက်ပြီး (၆)ဘီးယာဉ်ကို ဆက်လက်လိုက်လံဖမ်းဆီးရာမှာ ထောက်ကြန့်မြို့၊ လမ်းဆုံအရောက် ရဲတပ်ဖွဲ့က သတိပေးပစ်ခတ်တားဆီးရာကားရဲ့နောက်ဘီးကို ထိမှန်ပြီး အဲ့ဒီကားဟာ အမှတ်(၃)လမ်းမကြီး ပိတ်ဆို့ရှာဖွေရေးဂိတ်ရှိ ဘယ်ရီဂိတ်အတားအဆီးတွေနဲ့ အမြန်လမ်းမကြီးတိုးဂိတ်မောင်းတံကို ဝင်တိုက်ပြီး ဆက်လက် မောင်းနှင်ထွက်ပြေးခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၆/၁)အနီးတွင် ရပ်တန့် သွားခဲ့ပါတယ်။

သွားရောက်ဖမ်းဆီးရာမှာ ကားပေါ်ပါတဲ့သူတွေက တိမ်းရှောင်သွားခဲ့ပြီး ကားပေါ်မှာ ကျွန်းခွဲသားဆိုဒ်စုံ (၄.၉၄၃၄)တန် ကို သိမ်းဆည်းရမိခဲ့တာကြောင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က