ဝန်ကြီးချုပ်နဲ့ ဆက်လက်ညှိနှိုင်းဦးမှာပါ။
Mi Thawdar Aung

တာမွေဈေးသစ်တည်ဆောက်ခြင်းမှာ တောင်းဆိုထားတဲ့အချက် (၈)ချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ညှိနှိုင်းမပြေလည်ပါက နိုင်ငံတော်သမ္မတထံဆက်လက်တင်ပြသွားဦးမယ်လို့ တာမွေဈေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ဝန်ကြီးချုပ်နဲ့ ဈေးသူဈေးသားတွေ တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် မပြေလည်ခဲ့ဘဲ ဆွေးနွေးမှုရလဒ် အပေါ် မကျေနပ်ဘူးလို့ ဈေးသူဈေးသားတွေက ပြောဆိုကြပါတယ်။

“ ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးပွဲရလဒ်ကို မကျေနပ်ဘူး။ ဝန်ကြီးချုပ်က ထပ်တွေ့မယ်လို့ ပြောပါတယ်။ အဲဒီအခါကျရင် ပြန်ပြီး ညှိနှိုင်းရဦးမှာပေါ့။ မပြေလည်ရင်တော့ ကျွန်တော်တို့ မြို့နယ်သားဖြစ်တဲ့ နိုင်ငံတော်သမ္မတထံကို ဆက်တင်ပြမယ်” လို့ တာမွေဈေးမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ ရောင်းချလာခဲ့တဲ့ဈေးဆိုင်ပိုင်ရှင် ဦးသက်ထွန်းက ပြောပါတယ်။

ဈေးအဆင့်မြှင့်တင်မှုကို ဈေးသူဈေးသားတွေက သဘောတူညီခဲ့ကြပေမယ့် မြေအောက်ခန်းမပါဝင်ဘဲ မြေညီထပ်ထားပေးရေးကိစ္စ၊ ရှေ့မျက်နှာစာနဲ့ ပတ်လည်ဝင်ပေါက် ဖွင့်ထားပေးရေးကိစ္စ၊ ဆိုင်ခန်းဆွဲတံခါးပြုလုပ်ပေးဖို့ကိစ္စ၊ ဈေးတည်ဆောက်ခြင်းနဲ့ ပတ်သက်ပြီး စာချုပ်ကိစ္စ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ ဆိုတာတွေနဲ့ပတ်သက်ပြီး အချက် (၈) ချက်တောင်းဆိုခဲ့တာပါ။



ဒီတောင်းဆိုမှု အားလုံးကို လိုက်လျောလို့ ရမှာမဟုတ်ဘဲ ဥပဒေဘောင်အတိုင်းသာ ဆုံးဖြတ်ဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

“ အခုကျွန်တော်တို့ စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ပေးနိုင်တဲ့အခြေအနေတွေကို ဆောင်ရွက်ပေးပါမယ်။ မူဘောင်တွေကို ကျော်ပြီးလုပ်လို့မရပါဘူး။ ကျွန်တော်တို့ ဆုံးဖြတ်ဆောင်ရွက်ကြတဲ့ကိစ္စတွေအကုန်လုံးဟာ အားလုံးလက်ခံနိုင်အောင် အခြေအနေတွေကို ရှင်းပြပါမယ်။ ဒါပေမယ့် တစ်ချို့တော့ လက်ခံနိုင်မှာမဟုတ်ဘူး။ အကျိုးစီးပွားကိစ္စဖြစ်နေလို့ပါပဲ” လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရှင်းပြပါတယ်။

(ယာယီ) တာမွေဈေးကို အဆင့်မြှင့်တင်ဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်ကနေ ၂၀၁၈ ခုနှစ်အတွင်းတင်ဒါခေါ်ယူပြီး ဆောင်ရွက်ခဲ့တာကို ဈေးသူဈေးသားတွေက မသိရှိခဲ့တာကြောင့် ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ထောက်ပြပြောဆိုမှုတွေ ရှိခဲ့ပါတယ်။


က္က