ဖျားလို့ဆေးခန်းပြရာက ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသူပါ။

ဒီနေ့ စက်တင်ဘာလ ၃ရက် ၊ မနက် ၈နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ် ၁၉ပိုးတွေ့လူနာ သတင်း ထုတ်ပြန်ချက်မှာ တောင်ဥက္ကလာပမြို့နယ်က (၂)ဦး ပါဝင်လာပြီး ပိုးတွေ့လူနာနဲ့ထိတွေ့သူတစ်ဦး ၊ ထိတွေ့မှုမရှိသူတစ်ဦးပါဝင်ကြောင်း သိရပါတယ် ။

ပိုးတွေ့လူနာနှစ်ဦးမှာ တောင်ဥက္ကလာပမြို့နယ် ၁၂ရပ်ကွက် ၊ မာဃ ၅လမ်း မှာနေထိုင်သူတစ်ဦး နဲ့ ၇ ရပ်ကွက် ၊ ရှင်သိဒ္ဓတ်လမ်းအနီး ကျူးကျော်အိမ်ခြေမှာ နေထိုင်သူတစ်ဦးဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ပြောကြားချက်အရ သိရပါတယ် ။



" မာဃ ၅လမ်းကတစ်ယောက်ကတော့ မနေ့ကပိုးတွေ့လူနာ (901) ရဲ့ အစ်မလေ။ သူတို့တစ်အိမ်ထဲ အတူနေတာ ။ ညီမဖျားတယ် ။ ပိုးတွေ့တယ်။ ပြီးတော့ သူလည်းဖျားတယ် ပိုးတွေ့တယ်ပေါ့ ။ သူတို့နှစ်ယောက်တည်း နေတာ။ ကျန်တဲ့တယောက်ကတော့ ၇ရပ်ကွက်က ။ သူက ကျူးကျော်လို အိမ်စုစုလေးတွေနေတဲ့နေရာကတစ်ယောက်ပေါ့။သူကတော့ ကွင်းဆက်မရှိဘူး ။ ဖျားလို့ဆိုပြီး ဆေးခန်းပြရာကနေ ဆေးရုံမှာ စောင့်ကြည့်လူနာဖြစ်တာပဲ ။ သူတို့နေတဲ့ အိမ်အစုမှာတော့ လူငါးဆယ်လောက်တော့ရှိမယ် "လို့ တောင်ဥက္ကလာပမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က Duwun ကို ပြောပါတယ် ။

ပိုးတွေ့လူနာ နှစ်ဦးထဲက ကွင်းဆက်မရှိတဲ့ လူနာကတော့ လူစုလူဝေးနဲ့ နီးနီးကပ်ကပ်နေထိုင်တာဖြစ်ပြီး သူနေထိုင်တဲ့ နေရာအနီးမှာလည်း ရပ်ကွက်ဈေးတန်းလေးတစ်ခုရှိတာကြောင့် အလွန်အန္တရာယ်များတယ်လို့ ဒေါက်တာစောနိုင်က Duwun ကိုပြောပါတယ်။ ယင်းပိုးတွေ့လူနာနဲ့ဆက်စပ်ပြီး မိသားစုဝင်သုံးဦးအပါအဝင် ၎င်းတို့ ကျူးကျော်နေထိုင်ရာ ခြံဝင်းအတွင်းက အိမ်အစုအဝေး အားလုံးကို ကွာရန်တင်းစင်တာပို့ဆောင်ဖို့မရှိသေးဘဲ Lock Down ပြုလုပ်ပြီး အသွားအလာ ကန့်သတ်မှာဖြစ်တယ်လို့ ဒေါက်တာစောနိုင်ရဲ့ ပြောကြားချက်အရ သိရပါတယ် ။

လက်ရှိမှာတော့ အဆိုပါလူနာနေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးဖျန်းဆောင်ရွက်ထားပြီး လမ်းကိုလည်း အသွားအလာကန့်သတ်ထားပြီ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ် ၁၉ ပိုးတွေ့လူနာ သတင်းထုတ်ပြန်ချက်များအရ သြဂုတ်လ ၂၆ရက်မှ ဒီနေ့ စက်တင်ဘာလ ၃ရက်အထိ တောင်ဥက္ကလာပမြို့နယ်မှာ ကိုဗစ် ၁၉ရောဂါပိုးတွေ့ရှိသူ (၅)ဦး ရှိနေပြီ ဖြစ်ပါတယ် ။




Share

Loading Next Article...
က္က