ထိခိုက်သေဆုံး၊ပျက်စီးဆုံးရှုံးမှုတော့မရှိပါဘူး။
Ei Ei Htun

ငလျင်လှုပ်ခတ်တဲ့(၂)ကြိမ်လုံးက လူနေအိမ်တွေနဲ့ဝေးပြီး ရခိုင်ရိုးမ တောထဲဘက်မှာလှုပ်ခတ်သွားတာကြောင့် ထိခိုက်သေဆုံး၊ပျက်စီးဆုံးရှုံးမှုတော့မရှိဘူးလို့ သိရပါတယ်။ 

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီကနေ့ သြဂုတ်လ(၁၈)ရက်နေ့ မနက်ပိုင်းမှာပဲ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင် (၂)ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားပါတယ်။ ပထမတစ်ကြိမ်က ဒီကနေ့ မနက် (၉း၅၄)မိနစ်အချိန်မှာ သံတွဲမြို့ရဲ့အရှေ့ဘက် (၁၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး (၅.၅)အဆင့်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တာပါ။ ဒုတိယတစ်ကြိမ်ကတော့ (၁၀း၀၈)မိနစ်အချိန်မှာ သံတွဲမြို့ရဲ့ အရှေ့တောင်ဘက်မိုင်(၂၀)ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး (၄.၇)အဆင့်ရှိတဲ့မြေငလျင်ထပ်မံလှုပ်ခတ်ခဲ့တာပါ။

photo- မိုးဇလ

သံတွဲမြို့ငလျင်လှုပ်ခတ်မှုအခြေအနေနဲ့ ပတ်သက်လို့ Duwun က သံတွဲမြို့မီးသတ်ဦးစီးဌာနကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ

“ ငလျင်က မနက်အစောပိုင်းက လှုပ်သွားတာ။ ငလျင်ဒဏ်ကြောင့်အပျက်အစီးဆုံးရှုံးမှု၊ သေဆုံးသူတွေတော့ ခုထိမရှိဘူး။ ကျွန်တော်တို့မိုးဇလကိုဆက်သွာတဲ့အခါမှာလည်း သူတို့တိုင်းတာချက်အရ ငလျင်လှုပ်သွားတာ ဟုတ်တယ်ဆိုပြီးပြောတယ်၊ ဘာထိခိုက်မှုမှတော့မရှိဘူး”လို့ သံတွဲမြို့မီးသတ်ဦးစီးဌာနမှာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သံတွဲမြို့မြေငလျင်နောက်ဆက်တွဲသတင်းအခြေအနေကို သိရှိနိုင်အောင် မိုးဇလကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့

“ မနက်ကတစ်ကြိမ်လှုပ်သွားတယ်၊ အခု(၁၀း၀၈)မှာ တစ်ကြိမ်ထပ်လှုပ်သွားတယ်ပေါ့နော်၊ ဒုတိအကြိမ်ငလျင်သတင်းကိုထုတ်ပြန်ဖို့အတွက်လည်း အခုလုပ်နေကြတယ်။ ပထမတစ်ခါလှုပ်တာက ပိုပြီးအင်းအားပြင်းတယ်။ဒါပေမယ့် (၂)ကြိမ်လုံးက လူနေအိမ်တွေနဲ့ဝေးပြီး တောထဲဘက်မှာလှုပ်သွားတာတွေဆိုတော့ ဒါကလူတွေအတွက်အန္တရာယ်ကင်းပြီး ကံကောင်းတယ်လို့ပြောရမှာပေါ့ “ ဆိုပြီး နေပြည်တော် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ရခိုင်ပြည်နယ်သံတွဲမြို့မှာတစ်ရက်တည်း အချိန်ခဏအတွင်းကို ငလျင်(၂)ကြိမ်လှုပ်ခတ်သွားပေမယ့် နောက်ထပ်ငလျင်ထပ်လှုပ်နိုင်သေးလားဆိုတာကတော့ အတိအကျပြောမရဘူး ခန့်မှန်းရခက်တယ်လို့ မိုးဇလမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။


က္က