လက်ရှိမှာ အဆိုပါခွေးဟာ ရန်ကုန်တိုင်းထဲက မြို့နယ်တစ်ခုမှာ Home Quarantine ဝင်ရောက်နေပါတယ်။
Ei Ei Mar

COVID-19 ရောဂါပိုးဟာ တိရိစ္ဆာန်ကနေ လူကို ကူးစက်နိုင်ခြင်းရှိ မရှိကို တရားဝင်အတည်ပြုနိုင်စေဖို့အတွက် COVID-19 ရောဂါပိုးတွေ့ရှိခဲ့တဲ့ ပေါက်ခေါင်းမြို့နယ်က မိသားစုရဲ့ ခွေးကို ဆေးစစ်ခြင်း ဒါမှမဟုတ်ခွေး ကွာရန်တင်းပြီးချိန်မှာ တရားဝင်ထုတ်ပြန်မှုတစ်ခုကို အစိုးရ အနေနဲ့ ထုတ်ပြန်ပေးဖို့လိုအပ်တယ်လို့ အဆိုပါခွေးကိုစောင့်ရှောက်ခဲ့သူ ကိုအောင်ကျော်မိုးကပြောပါတယ်။

လက်ရှိမှာ အဆိုပါခွေးဟာ ရန်ကုန်တိုင်းထဲက မြို့နယ်တစ်ခုမှာ Home Quarantine ဝင်ရောက်နေကြောင်း ၊ ကွာရန်တင်းကာလတစ်လျှောက် COVID-19 ရောဂါနဲ့ပတ်သက်တဲ့ လက္ခဏာ တစ်စုံတစ်ရာမပြတာကြောင့် တိရိစ္ဆာန်ကနေ လူကို မကူးစက်နိုင်ဘူးဆိုတာ တိရိစ္ဆာန်မွေးထား သူတွေ၊ ရပ်ကွက်နေပြည်သူတွေ အားလုံးသိရှိအောင် ခွေးကို စစ်ဆေးပေးဖို့ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ကိုတောင်းဆိုထားပါတယ်။

“ လူကနေ တိရိစ္ဆာန် ကူးချင်ကူးမယ်၊ တိရိစ္ဆာန်ကနေ လူကိုကူးသလား မကူးသလားဆိုတာကို တရားဝင် စစ်ဆေးစေချင်တယ်။ ခွေးကိုလည်း ၂၁ ရက်ပြည့်ရင် လိုအပ်တဲ့ ဆေးဝါးစစ်ဆေးမှုလုပ်ပေးစေချင်တယ်။ ရလာဒ်ကို အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန်စေချင်တယ်။ ဒါမှ အားလုံးသိမယ်။ ပူပန်မှုတွေကို လျှော့ချနိုင်မယ်။တိရိစ္ဆာန်တွေဆီကနေ ရောဂါကူးမလားဆိုတဲ့စိတ်ပူပန်မှုတွေကိုလျှော့ချချင်တာပါ။ ဒါကြောင့်စစ်ဆေးစေချင်တယ်။ လူကနေ တိရိစ္ဆာန်မကူးဘူး ၊ တိရိစ္ဆာန်ကနေ လူကိုမကူးဘူးဆိုတာ ၊ တိရိစ္ဆာန်ကြောင့် အန္တရာယ်မရှိဘူးဆို တာကို သိစေချင်တယ်။ အစိုးရအနေနဲ့ ဆေးမစစ်ချင်လဲ မစစ်နဲ့ ရတယ်။ ဒါပေမယ့် ကွာရန်တင်း ၂၁ ရက်ကျော်တာနဲ့ အစိုးရ ပိုင်မီဒီယာကနေ ခွေးဟာ ကိုဗစ် ၁၉ နဲ့ပတ်သက်လို့ ရောဂါမပြဘူး မစိုးရိမ်ပါနဲ့ဆိုတဲ့ ထုတ်ပြန်ချက်လေးလိုချင်တယ်။ အခုလိုလုပ်နေတာ တိရိစ္ဆာန်တွေအတွက်လုပ်နေတာမဟုတ်ဘူး။ လူတွေအတွက်လုပ်နေတာပါ။”လို့ ကိုအောင်ကျော်မိုးက ပြောပါတယ်။

အဲ့ဒီ ခွေးကို ခေါ်ယူစောင့်ရှောက်ခဲ့တဲ့ ကိုအောင်ကျော်မိုးဟာလည်း ပြည်မြို့က ကွာရန်တင်းစင်တာတစ်ခုမှာ ကွာရန်တင်းဝင်နေပါတယ်။ ခုဆိုရင် ကွာရန်တင်းဝင်နေတာ ၅ ရက်ရှိပြီဖြစ်ကာ ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးချက်အရ သူ့မှာ ရောဂါပိုး negative ဖြစ်တယ်လို့ဆိုပါ တယ်။

“ခွေးစောင့်ရှောက်သူက ကွာရန်တင်းဝင်နေတယ်။ ခွေးကတော့ နောက်ဆက်တွဲ ဆက်လက်တင်ပြသွားမယ်လို့ သိရတယ်။ တိရိစ္ဆာန်ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးတင်ပြပေးပါမယ်။ ခွေးမှာတော့ COVID-19 လက္ခဏာ ဘာမှမပြဘူး။ လူက တိရိစ္ဆာန်ကို မကူးဘူးဆိုတာကို သက်သေပြချင်တာပါ။ ရန်ကုန်တိုင်း မှော်ဘီဘက်မှာ တော့ကြားရပါတယ်” ပေါက်ခေါင်းမြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ ဦးဝင်းနိုင်ကပြောပါတယ်။

ခွေးမှာ COVID-19 ရောဂါပိုး ရှိမရှိကို ဓာတ်ခွဲစစ်ဆေးဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ တိရိစ္ဆာန် ဆေးကုဆရာဝန်နဲ့တိုင်ပင်ပြီး အဆင့်ဆင့် လုပ်ဆောင်သွားမယ်လို့ လတ်တလော သတင်းတွေအရ သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်)


က္က