ယခုနှစ်မှာ ဆင်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု သိသိသာသာမြင့်တက်နေတာပါ။
Mi Thawdar Aung

မိုးရာသီကာလမှာ တုပ်ကွေးရောဂါမျိုးဖြစ်ပွားမှုတွေက တစ်နှစ်ထက် တစ်နှစ် များပြားလာနေပြီး ယခုနှစ်မှာလည်း ရာသီတုပ်ကွေး A(H1N1) ရောဂါဖြစ်ပွားမှု မြင့်တက်နေသလို ချီကန်ဂန်ညာလို့ ခေါ်ကြတဲ့ဆင်တုပ်ကွေး ရောဂါကလည်း သိသိသာသာဖြစ်ပွားမှု မြင့်တက်နေပါတယ်။ 

ကမာရွတ်မြို့နယ်ရှိ ဆေးပေးခန်းတစ်ခုကို တွေ့မြင်ရစဉ်။

၂၀၁၇ ခုနှစ်က ကပ်ရောဂါ အသွင်ဖြစ်ပွားခဲ့တဲ့ ရာသီတုပ်ကွေး A(H1N1) ရောဂါက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ဖြစ်ပွားမှုနှုန်း လျော့ကျခဲ့ပေမဲ့ ၂၀၁၉ မှာတော့ ဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့ပါတယ်။

ဒါ့အပြင် ဒီနှစ်မှာ နောက်ထပ်တိုးလာတဲ့ ပြင်းထန်တဲ့ တုပ်ကွေးရောဂါတစ်ခုကတော့ ချီကန်ဂန်ညာလို့ ခေါ်တဲ့ (ဆင်တုပ်ကွေး) ရောဂါဖြစ်ပါတယ်။ ဒီတုပ်ကွေးက ခြင်က တစ်ဆင့် ကူးစက်တက်တဲ့ ရောဂါဖြစ်ပြီး အသက် အန္တရာယ် စိုးရိမ်စရာမရှိဘူးဆိုပေမယ့် ဖြစ်ပွားပြီဆိုရင် ကိုယ်ဆစ်လက်ဆစ်တွေ ပြင်းပြင်းထန်ထန်ကိုက်ခဲတဲ့ ဝေဒနာကို ခံစားရပါတယ်။

“ ဒီနှစ်ကတော့ ကျွန်တော်တို့ဆေးခန်းမှာ H1N1 ဖြစ်လို့ လာပြတဲ့လူနာ သိပ်မတွေ့ဘူး။ သွေးလွန်တုပ်ကွေးလည်း တစ်ယောက် နှစ်ယောက်လောက်ပဲ လာပြတယ်။ သိသိသာသာတိုးတက်လာကတော့ ဆင်တုပ်ကွေး ပါ။ တချို့ ဆို ကိုယ်ဆစ်လက်ဆစ်တွေ အရမ်းနာလို့ လမ်းမလျှောက်နိုင်တဲ့ အထိ ဖြစ်ပြီး လာပြတာတွေရှိတယ်“ လို့ဒေါက်တာ ဌေးဝင်းက ဆိုပါတယ်။

(ဆင်တုပ်ကွေး) ဖြစ်ပွားသူတွေဟာ အပြင်ဆေးရုံဆေးခန်းတွေမှာ ဆေးကုသခံယူမှု ပိုမိုများပြားပြီး တစ်နေ့ကို အနည်းဆုံး (၁၀) ယောက်ခန့် လာရောက်ပြသတယ်လို့ အလုံမြို့နယ်မှာ မိသားစုကျန်းမာရေးဆေးခန်း ဖွင့်လှစ်ထားတဲ့ ဒေါက်တာ ဌေးဝင်းက Duwun ကို ပြောပါတယ်။

“ဖြစ်တာက ကျွန်မ စဖြစ်တယ်။ ပြီးတော့ အမျိုးသားကို ကူးစက်တယ်။ ဖြစ်ပြီဆိုရင် ကိုယ်အပူချိန် အရင်တက်တယ်။ အဖျား ၁၀၀ ကျော်လောက်ရှိတယ်။ အဖျားကျသွားရင်တော့ ကိုယ်လက်တွေ ကိုက်ခဲတယ်။ အဆစ်အမြစ်တွေ ယောင်တာ နှစ်ပတ်လောက်ကြာတယ်။ လုံး၀ မလှုပ်နိုင်ဘူး။ နေ့ခင်းဘက်ကိုက်တဲ့ ခြင်က ကူးတာလို့ သိတယ်။ အိမ်မှာလဲ ကလေးရှိတော့ ခြင်မကိုက်အောင်တော့ ဂရုစိုက်ရတယ်” လို့ အလုံမြို့နယ်မှာ နေထိုင်သူ အိမ်ရှင်မ မသန္တာက ဆိုပါတယ်။

(ဆင်တုပ်ကွေး) ဆိုတာဘာလဲ၊ ဘယ်လို ကာကွယ်ကြမလဲ

ချီကန်ဂန်ညာလို့ ခေါ်တဲ့ (ဆင်တုပ်ကွေး) ရောဂါဟာ သွေးလွန်တုပ်ကွေး ရောဂါလိုမျိုး ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရခြင်းက တစ်ဆင့်ကူးစက်တာဖြစ်ပြီး အထူးသဖြင့် နေ့ခင်းပိုင်း ခြင်ကိုက်ခံရခြင်းက ကူးစက်တာဖြစ်ပါတယ်။

(ဆင်တုပ်ကွေး) ရောဂါဖြစ်ပွားပြီဆိုရင် အပြင်ဆေးရုံဆေးခန်းတွေမှာ ပြသမှုများတာကြောင့် ဘယ်လောက်အထိ ဖြစ်ပွားနေလဲ စာရင်း အတိအကျကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားခြင်းမရှိပါဘူး။

ရာသီတုပ်ကွေးရောဂါ A((H1N1) ဖြစ်ပွားပါက ကာကွယ်ဆေး ထိုးနှံလို့ ရပေမယ့် (ဆင်တုပ်ကွေး) ရောဂါကတော့ ကာကွယ်ဆေး မရှိဘဲ အဓိက ခြင်ကိုက်မခံရအောင် ဂရုတစိုက် ပြုမှုနေထိုင်ရမှာ ဖြစ်ပါတယ်။

အိမ်တွေမှာ ခြင်မပေါက်ဖွားအောင် ဖုံး၊သွန်၊လဲှ၊ စစ် လုပ်ရမှာ ဖြစ်ပြီး ခြင်ကိုက်မခံရအောင် ခြင်လုံစကာတပ်တာ၊ ခြင်ထောင်နဲ့ အိပ်တာနဲ့ အကျီလက်ရှည်၊ဘောင်းဘီရှည်ဝတ်တာတွေ လုပ်ပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့်ဒီနှစ်မိုးရာသီမှာ ရာသီတုပ်ကွေးရောဂါတွေနဲ့ ခြင်ကြောင့် ဖြစ်တဲ့ ချီကန်ဂန်ညာလို့ ခေါ်တဲ့ (ဆင်တုပ်ကွေး) ရောဂါက ပြည်သူတွေကို အဓိကခြိမ်းခြောက်နေတဲ့ ရောဂါဖြစ်နေပါတယ်။ ဒါပေမယ့်လည်း တုပ်ကွေးရောဂါဖြစ်ပွားပြီဆိုတာနဲ့ ပြည်သူတွေအနေနဲ့ အထိတ်တလန့်ဖြစ်စရာမလိုဘဲ ကြိုတင်ကာကွယ်တဲ့နည်းလမ်းတွေကို သာ သေချာသိရှိပြီး လိုက်နာဖို့က အဓိက အရေးကြီးပါတယ်။

ရာသီတုပ်ကွေး A(H1N1) ကိုရော ဘယ်လိုကာကွယ်ကြမလဲ

ရာသီတုပ်ကွေး ရောဂါ A(H1N1) ရောဂါကတော့ ရောဂါအခံရှိသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပိုမိုဖြစ်ပွားနိုင်တာကြောင့် ဂရုပြုသင့်တယ်လို့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားပါတယ်။

“ ဒီရောဂါပိုး (A(H1N1)) ဟာ ခြောက်ပေ အကွာမှာနေရင် မကူးစက်နိုင်ဘူး။ ပိုးက လေထဲကနေ တည့်တည့်သွားတာဖြစ်လို့ ဘေးကနေပြီး စကားပြောမယ်ဆိုလဲ မကူးစက်နိုင်ပါဘူး။အရေးကြီးဆုံးက ကိုယ်ခံအားကောင်းဖို့လိုတယ်။ အိပ်ရေး၀၀ အိပ်မယ်။ ရေများများသောက်မယ်။ အနားယူမယ်ဆိုရင် ရာသီတုပ်ကွေးကို ကာကွယ်ပြီးသား ဖြစ်မယ် “ လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က အကြံပေးထားပါတယ်။

န်ကြီးဌာနအနေနဲ့ ရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့သူတွေကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့ စီစဉ်ပေးနေတယ်လို့လည်း သိရပါတယ်။


A(H1N1) ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေပြဇယား။

 “ အဖြစ်များလာတာမှန်ပေမယ့် သိပ်ပြီးတော့ မကြောက်လန့်ကြပါနဲ့။ အိမ်နီးချင်းနိုင်ငံ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်တို့မှာ သိန်းဂဏန်းအထိကို ဖြစ်နေကြတာပါ။ ဒီရာသီရောက်ရင် ဖြစ်တက်တဲ့အတွက် ကပ်ရောဂါအသွင်ဖြစ်တယ်၊ Outbreak တို့ ကြေညာစရာမလိုပါဘူး” လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က Duwun ကို ဖြေကြားခဲ့ပါတယ်။

H1N1 ရောဂါဟာ ရောဂါပိုးရှိသူက ချောင်းဆိုး၊နှာချေခြင်းကနေ အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးစက်တက်တဲ့ ရောဂါဖြစ်ပြီး ချောင်းဆိုးပါက လက်ဖြင့် အုပ်ဆိုးခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးနေရာတွေကို ရှောင်ကြဉ်ခြင်းနဲ့ ရောဂါမဖြစ်ပွားအောင် ဂရုတစ်စိုက်နေထိုင်သင့်ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေသြဂုတ်လ ၁၉ ရက်အထိ ရာသီတုပ်ကွေး A(H1N1) ဖြစ်ပွားမှုဟာ ဓာတ်ခွဲအတည်ပြုစစ်ဆေးချက်အရ ဖြစ်ပွားသူဦးရေ ၅၅၂ ဦးရှိခဲ့ပြီး သေဆုံးသူ ၉၉ ဦးရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


က္က