သေဆုံးသူရဲ့ ဓာတ်ခွဲနမူနာကိုစစ်ဆေးထားဆဲဖြစ်ပါတယ်။
Ei Ei Htun

ချင်းပြည်နယ် တီးတိန်ဆေးရုံမှာ COVID-19 သံသယလူနာ အသက်(၃၂)နှစ်အရွယ် အမျိုးသားတစ်ဦး ဆေးကုသမှုခံယူနေရင်း ဒီကနေ့ ဇွန်လ (၂၆)ရက်နေ့ မနက်ပိုင်းက သေဆုံးခဲ့တယ်လို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က Duwun ကိုပြောပါတယ်။

သေဆုံးခဲ့တဲ့ လူနာဟာ ဇွန်လအတွင်းမှာပဲ အိန္ဒိယနိုင်ငံကနေ ပြန်လာပြီး တီးတိန်မြို့မှာပဲ Facility Quarantine ခံယူနေစဉ်အတွင်း ကျန်းမာရေးမကောင်းတာကြောင့် တီးတိန်ဆေးရုံကိုပို့ဆောင်ပြီး ဆေးကုသမှုပေးနေခဲ့တာပါ။

“ သူက အိန္ဒိယကနေပြန်လာတာပါ။ Quarantine ကာလအတွင်း ဖျားနာလာလို့ သံသယလူနာအဖြစ်သတ်မှတ်ပြီး ဆေးရုံမှာဆေးကုပေးနေတာက ရုတ်တရက်သေဆုံးခဲ့တာ။ သူ့မှာ ရောဂါပိုးရှိ မရှိကိုတော့ ဓာတ်ခွဲစစ်ဆေးဖို့ရန်ကုန်ကိုပို့ထားတယ်။ ဒီမနက်မှပို့တာ ဆိုအဖြေတော့မသိရသေးဘူး”လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က Duwun ကိုပြောပါတယ်။ သေဆုံးခဲ့တဲ့ လူနာရဲ့ အလောင်းကိုတော့နေ့ချင်း မီးသဂြိုလ်ခဲ့တယ်လို့သိရပါတယ်။ 

ချင်းပြည်နယ် တီးတိန်မြို့မှာ ပြည်ပကပြန်လာတဲ့သူတွေထဲက ကျန်းမာရေးအခြေအနေကြောင့် သေဆုံးတာက အခု လူနာ ပထမဆုံးဖြစ်ပါတယ်။ 

 မြန်မာနိုင်ငံမှာ COVID-19လူနာ ပထမဆုံးတွေ့ရှိခဲ့တဲ့ မြို့ဟာ တီးတိန်မြို့ဖြစ်ပြီး အတည်ပြု လူနာ (၁၀)ဦးထိတွေ့ရှိထားခဲ့ရာမှာ လက်ရှိအချိန်ထိ (၆) ဦးကတော့ ရောဂါပိုးကင်းစင်သွားခဲ့ပြီးလို့သိရပါတယ်။ ဇွန်လ ၂၆ ရက် မနက် ၈ နာရီအထိ ပြည်တွင်းမှာ COVID- 19 အတည်ပြုလူနာ ၂၉၃ဦးရှိတဲ့အနက် (၆)ဦးသေဆုံးကာ ပြန်လည်ပျောက်ကင်းသူ ၂၁၁ဦးရှိတာကြောင့် ဆေးကုသမှုခံယူနေရသူက (၇၆)ဦးသာကျန်ရှိနေပါတော့တယ်။



ဆက်စပ်အကြောင်းအရာများ


က္က