အသက်ကန့်သတ်ချက်မရှိပါဘူး။

ဂျပန်နဲ့ မြန်မာအစိုးရပူးပေါင်းဖွင့်လှစ်တဲ့ ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးသင်တန်းကျောင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

Photo - Japan-Myanmar Aung San Vocational Training Institute

အဆိုပါသင်တန်းကျောင်းတက်ရောက်နိုင်ဖို့ အတွက် လျှောက်လွှာတွေကို အောက်တိုဘာ ၁၇ ရက်မှာ စတင်ထုတ်ယူနိုင်ပြီး နိုဝင်ဘာ ၁ ရက် ညနေ ၄ နာရီနောက်ဆုံးထား ပြန်လည်တင်သွင်းရမယ်လို့ ကြေညာထားပါတယ်။

မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာ သင်တန်း (၂) ခု ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းတစ်ခုစီအတွက် သင်တန်းသားဦးရေ အယောက် (၂၀) စီလက်ခံသင်ကြားပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ မှာ သချာၤ၊ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်တွေပါဝင်တဲ့ မည်သည့် ဘာသာတွဲနဲ့ မဆိုအောင်မြင်သူတွေ လျှောက်ထားနိုင်ပြီး အင်္ဂလိပ်နဲ့ သချာၤစုစုပေါင်းရမှတ်ပေါ် မူတည်ပြီး ရွေးချယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ အမှတ်ကတော့ ကန့်သတ်ချက်မရှိပါဘူး။ လျှောက်ထားတဲ့ဦးရေ အပေါ်မူတည်ပြီး ဆုံးဖြတ်မှာပါ။ လျှောက်တဲ့လူက များတယ်ဆိုရင်တော့ အမှတ်မြင့်မှာပေါ့။ အသက်ကန့်သတ်ချက်လဲ မထားပါဘူး။ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီဆို လျှောက်လို့ရပါတယ်” လို့ အဆိုပါ သက်မွေးသင်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

Photo - Japan-Myanmar Aung San Vocational Training Institute

သင်တန်းတွေကို ဂျပန်နိုင်ငံ အစိုးရရဲ့ သင်ရိုးညွန်းတမ်းနဲ့ အညီ မြန်မာနိုင်ငံက ဆရာ၊ဆရာမတွေက သင်ကြားပေးမယ်လို့သိရပါတယ်။

သင်တန်းကာလမှာ (၃) နှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လက်မှတ် ပေးအပ်မှာ ဖြစ်ပါတယ်။သင်တန်းပြီးဆုံးပါက သတ်မှတ်အရည်အချင်းပြည့်မီရင် နည်းပညာတက္ကသိုလ်တွေရဲ့ သက်ဆိုင်ရာ တတိယနှစ်သင်တန်းတွေကို ပေါင်းကူးတက်ရောက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လျှောက်ထားသူဟာ နည်းပညာနဲ့ သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနဲ့ စက်ရုံ၊ကုမ္ပဏီတွေကို ကွင်းဆင်းဆောင်ရွက်နိုင်သူ ဖြစ်ရမယ်လို့ ကြေညာထားပါတယ်။

လျှောက်လွှာတင်မည်ဆိုပါက လျှောက်ထားသူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊ ကျန်းမာရေးကောင်းမွန်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာမူရင်း၊ သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တဲ့ အမှတ်စာရင်း (မူရင်း)၊ လျှောက်ထားသူ အမည်ပါရှိတဲ့ အိမ်ထောင်စုစာရင်း (မိတ္တူ) ၊ ပတ်စို့ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ နဲ့ အတူ လျှောက်ထားရမှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်သိရှိလိုပါက ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်စဉ့်ငူရပ်ကွက်၊ ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း ၀၉-၄၀၆၀၅၃၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်ဆိုပြီး နည်းပညာ၊သက်မွေးပညာနဲ့ လေ့ကျင့်ရေးဦးစီးဌာနက ကြေညာထားပါတယ်။



က္က