ယခုနှစ်မှာ စတင်ထုတ်ပေးမှာ ဖြစ်ပြီး ၅သိန်းခွဲခန့်ရှိတယ်လို့သိရပါတယ်။

ယခုနှစ်မှာ အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်းလက်မှတ် ၅သိန်းခွဲလောက် ထုတ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်တန်း ကျရှုံးပေမယ့် အထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်ကို ယခုနှစ်မှစတင် ထုတ်ပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက Duwun ကိုပြောပါတယ်။

“တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အခုထိ ၃၀ရာခိုင်နှုန်းလောက်ပဲအောင်တယ်။ကျန်တဲ့ ၇၀က ဘယ်ရောက်သွား ကြလဲဆိုတာ အရင်က မစဥ်းစားခဲ့ကြဘူး။ အခုတော့စဥ်းစားတယ်။ အဲဒီ ၇၀ အတွက် တက္ကသိုလ်ဝင်တန်း မအောင် သော်ငြားလည်း ၁၀တန်းအထိ သင်ယူခဲ့ပါပြီဆိုတဲ့ အထောက်အထားလက်မှတ်ကို ထုတ်ပေးသွားမယ်။ ဒီလက်မှတ်ရတာနဲ့ အရင်က B List နဲ့အောင်သလိုပဲ အလုပ်ခွင်တွေမှာ နေရာတွေခေါ်နိုင်အောင် ကြိုးစားနေတာပါ။” လို့ ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

ယခုလို အထက်တန်းပြီးမြောက်ကြောင်းလက်မှတ်ကို ပညာရေးဝန်ကြီးဌာနဖက်က လုပ်ပေးလိုက်ချိန်မှာ လုပ် ငန်းခွင်တွေ မှာ အလုပ်ရှင်တွေဘက်ကလည်း လက်ခံပေးဖို့လိုကြောင်း၊တချို့ ပညာသင်ကျောင်းတွေမှာ လည်း ဒီလက်မှတ်နဲ့ တက်ရောက်ခွင့်ပြုနိုင်ဖို့လိုကြောင်း၊စတဲ့ ပူးပေါင်းပေးမှုတွေ လုပ်ဆောင်ပေးလာမယ် ဆိုရင် မ အောင်နှုန်း ၇၀ရာ ခိုင်နှုန်းကို မဆုံးရှုံးရတော့ပဲ ဖြစ်လာမှာပါလို့လည်း ဒေါက်တာတင်မောင်ဝင်းက ပြောပါသေး တယ်။

ယခုနှစ်မှာတော့ တက္ကသိုလ်ဝင်တန်း မအောင်မြင်ပေမယ့် ပြီးမြောက်ကြောင်းလက်မှတ်ကို တိုင်းနှင့်ပြည်နယ် အသီးသီးအတွက် စုစုပေါင်း ၅သိန်းခွဲခန့်ပေးဖို့ရှိတယ်လို့ သိရပါတယ်။

“အခု ထုတ်လုပ်နေတုန်းပါ၊ လက်မှတ်တွေကို မပေးရသေးပါဘူး၊ ဒါပေမယ့် ပညာရေးပြည်နယ်/တိုင်း ၁၈ခုမှာ ၁၄ ခုကိုတော့ ပေးပြီးသွားပါပြီ။ လုံခြုံမှုရှိအောင် ဆရာတို့ရုံးမှာပဲ ပုံနှိပ်ပြီး သက်ဆိုင်ရာ တိုင်းဒေသပြီး ပြည်နယ်တွေ ကို ဖြန့်ပေးထားပါတယ်။ ၁၈ ခုလုံး ရောက်သွားပြီဆိုတော့မှ ဘယ်နေ့ကစပြီး ပေးပါလို့ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။”လို့လည်း ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဥ် တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်းဟာ ၃၀ ရာခိုင်နှုန်း ဝန်းကျင်လောက်သာ ရှိနေမြဲ ဖြစ်ပါတယ်။

ယခုစတင်ထုတ်ပေးမယ့်အထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်တွေက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ လက်မှတ်တွေ ဖြစ်လာခဲ့ရင် တက္ကသိုလ်ရဲ့ ဝန်ထုပ်ဝန်ပိုးနည်းသွားနိုင်ကြောင်းနှင့် ပုဂ္ဂလိကပညာရေး ဥပဒေ ထွက်လာချိန်နဲ့ တပြိုင်နက် နိုင်ငံတော်ရဲ့ ဝန်ထုပ်ဝန်ပိုးလည်း များစွာလျော့ကျသွားနိုင်တယ်လို့ ဒေါက်တာ တင်မောင်ဝင်းက သုံးသပ်ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က