အွန်လိုင်းကနေ ထုတ်ပြန်ကြေညာသွားမှာပါ။
Ei Ei Htun

၂၀၁၉- ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို သြဂုတ်လ(၉)ရက်နေ့မှာ အွန်လိုင်းကနေထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှသိရပါတယ်။ 

ယခင်နှစ်တွေက တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို သက်ဆိုင်ရာကျောင်းတွေအလိုက် ကပ်ပြီးကြေညာသလို အွန်လိုင်းကနေလည်း ကြေညာခဲ့တာပါ။

ဒီနှစ်မှာတော့ COVID ကြောင့် အွန်လိုင်းတစ်ခုတည်းကနေသာ ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ အခြေခံပညာညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။

“ သြဂုတ်လ (၉)ရက်နေ့မှာ အောင်းစာရင်းထုတ်ပြန်မယ်လို့တော့ ညွှန်ကြားချက်ရောက်ပြီ။ အွန်လိုင်းကနေပဲကြေညာသွားမယ်။ အဓိကကတော ဒီချိန်မှာ လူစူလူဝေးမဖြစ်အောင် အွန်လိုင်းတစ်ခုတည်းကနေပဲ ထုတ်ပြန်မှာပါ။ ပညာရေးဝန်ကြီးဌာနရဲ့ ဝက်ဆိုဘ်ကနေ တိုင်းနဲ့ပြည်နယ်အလိုက်ထုတ်ပြန်ပေးသွားပါလိမ့်မယ်” လို့ ဦးတင်မောင်ဝင်းကပြောပါတယ်။ 

အောင်စာရင်းထွက်တဲ့ သြဂုတ်လ (၉)ရက်နေ့မှာတော့ အွန်လိုင်းတစ်ခုတည်းကသာ ကြေညာသွားမှာဖြစ်ပြီး နောက်ရက်ေတွေမှာတော့ ကျောင်းတွေမှာ အောင်စာရင်းစာရွက်တွေကို ပြန်ကပ်ပေးသွားမယ်လို့ သိရပါတယ်။ 

စကြေညာတဲ့ရက်မှာ ကျောင်းတွေမှာ စာရွက်တွေကပ်လိုက်ရင် COVID စည်းကမ်းတွေ သတ်မှတ်ထားရင်တောင် လူစုလူဝေးဖြစ်သွားရင် အဆင်မပြေနိုင်တာကြောင့် အခုလိုဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ဦးတင်မောင်ဝင်းကပြောပါတယ်။ 

၂၀၁၉-၂၀၂၀ တက္ကသိုလ် ဝင်စာမေးပွဲကိုတော့ မတ်လ(၁၁)ရက်နေ့ကနေ (၂၀)ရက်နေ့ကျင်းပခဲ့တာပါ။

COVID ကြောင့် အောင်စာရင်းထွက်ချိန်က ယခင်နှစ်တွေကထက် နောက်ကျခဲ့တာဖြစ်ပြီး ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ဝင်ရောက်ဖြေဆိုသူ (၉)သိန်းကျော်ရှိခဲ့ပါတယ်။



Author

  • Ei Ei Htun

    Content Writer/Reporter


က္က