ယခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၁၀၈ ဦးရှိခဲ့ပါတယ်။
Mi Thawdar Aung

ယခုနှစ်မှာ အကျဉ်းထောင်စခန်းအသီးသီးကနေတက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ အကျဉ်းသား ၁၀၀ ကျော်ကို စည်းကမ်းလိုက်နာမှု လျှော့ရက်ပေးသွားမယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အကျဉ်းသား ၁၀၈ ဦးရှိပြီး အဆိုပါ အကျဉ်းသားတွေဟာ ထောင်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့တာကြောင့် အကျဉ်းထောင်တွေက ပေးပိုင်ခွင့်ရှိတဲ့ လျှော့ရက်တွေကို ခံစားခွင့်ရမှာဖြစ်တယ်လို့ အကျဉ်းဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးရဲရင့်နိုင်က Duwun ကို ပြောပါတယ်။

“ ဒီကလေးတွေက စည်းကမ်းလိုက်နာတယ်။ သတ်မှတ်ပေးထားတဲ့ သင်ရိုးတွေအတိုင်းကျက်မှတ်လေ့လာတယ်။ ကျွန်တော်တို့က စာမေးပွဲဖြေချင်တယ်ဆိုတဲ့ ကလေးတွေကို စုပြီး သီးသန့်သင်ပေးတာမျိုးလုပ်ပါတယ်။ ဒီကလေးတွေက ထောင်က သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လေ့လာကျက်မှတ်ပါတယ်။ ဒါကြောင့် သူတို့ကို ထောင်ကပေးပိုင်ခွင့်ရှိတဲ့ စည်းကမ်းလိုက်နာမှု လျှော့ရက်တွေ ရမှာပါ” လို့ ဒုညွန်ကြားရေးမှူး ဦးရဲရင့်နိုင်က ဆိုပါတယ်။

ဓာတ်ပုံ-ဧပြီလ ၁၇ ရက်က အင်းစိန်အကျဉ်းထောင်စခန်းကို မြင်ရစဉ်။

လက်ရှိမှာတက္ကသိုလ်ဝင်တန်းအောင်အကျဉ်းသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့နိုင်ငံတော်အစိုးရက ဆုံးဖြတ်မှာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းတော့ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ကျောင်းသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလေ့ရှိတယ်လို့လည်းသိရပါတယ်။ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တစ်နိုင်ငံလုံးက အကျဉ်းထောင်စခန်းတွေက အကျဉ်းသား ၁၇၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၀၈ ဦး အောင်မြင်ခဲ့တာပါ။ 

၇၈ ဦးကတော့ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ကြသူတွေ ဖြစ်ပြီး လေးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်၂၈ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၃၈ ဦးတို့ ဖြစ်တယ်လို့အကျဉ်းဦးစီးဌာနသတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။ အောင်မြင်သူ ၁၀၈ ဦးထဲမှာ အမျိုးသား ၁၀၀ ဦးနဲ့ အမျိုးသမီး ၈ ဦးဖြစ်ပြီး အောင်ချက် ၆၀.၆၇ ရာခိုင်နှုန်းရရှိခဲ့ပြီး အရင်နှစ်တွေထက် အောင်ချက်ပိုမိုမြင့်မားခဲ့တယ်လို့လည်း သိရပါတယ်။


Author


က္က