ပင်လယ်လှိုင်းကြီးခဲ့တာကြောင့် အနီးရှိကျေးရွာကနေအိမ်တွေပျက်စီးခဲ့တာပါ။

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်မှာ မုန်တိုင်းဝင်ရောက်ကာ ပင်လယ်ကမ်းစပ်နဲ့ အနီးရှိကျေးရွာက နေအိမ် အလုံး (၂၀)ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၈)ရက်နေ့ နေ့လယ်ပိုင်းက စပြီး မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခိုက်ခဲ့ပြီး ပင်လယ်လှိုင်းကြီးခဲ့တာကြောင့် အနီးရှိကျေးရွာကနေအိမ်တွေပျက်စီးခဲ့တာဖြစ်ပါတယ်။



“ မနေ့ကစပြီး အပူပိုင်းမုန်တိုင်း နိုလ်ဝင်ရောက်ခဲ့ပြီး မိုးလည်းကြီးတယ်။ လေပြင်းတွေလည်းတိုက်တယ်။ ဘုတ်ပြင်းမြို့တွင်းကတော့ ဘာမှမဖြစ်ဘူး။ ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့ကျေးရွာကနေအိမ်တွေဆိုရင် လှိုင်းကြီးပြီးတော့ လှိုင်းပုတ်ခတ်ပြီးပြန်ကျသွားတဲ့အခါမှာ အိမ်တွေပြိုသွားတာ အလုံး(၂၀)ကျော်လောက်ပါသွားတယ်”လို့ ဘုတ်ပြင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းက Duwun ကိုပြောပါတယ်။

မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် ဘုတ်ပြင်းမြို့နယ်မှာ အပျက်အစီးဆုံးရှုံးမှုတွေရှိခဲ့ပြီး ဘိတ်မြို့နယ်မှာလည်း မုန်တိုင်းအဖျားခတ်ကာ မိုးသည်းထန်ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ စက်တင်ဘာလ (၁၉)ရက်နေ့မှာလည်း လက်ရှိအချိန်ထိ မိုးရွာသွန်းလျှက်ရှိနေတယ်လို့ဆိုပါတယ်။ အရှေ့ဘက်မှ လာတဲ့ အပူပိုင်းမုန်တိုင်း နိုလ်(NOUL)ရဲ့ တိမ်တိုက်အကြွင်းအကျန်များနဲ့ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် မြန်မာနိုင်ငံ အနှံ့ ဒေသအလိုက် နေရာကွက်ကြား မိုးကြီးနိုင်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ (၁၉)ရက်နေ့ကနေ (၂၂)ရက်အထိ တစ်နိုင်ငံလုံး မိုးကြီးနိုင်တာကြောင့် တောင်ကုန်းတောင်တန်းနဲ့ မြစ်ငယ်ချောင်းငယ်ဘေးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး မြေပြိုမှု အန္တရာယ်ကို သတိပြုကြဖို့ကိုလည်း အသိပေး ပြောကြားထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က