သြဂုတ်လ(၁၆)ရက်နေ့ကစပြီး ပြည်တွင်းကူးစက်မှု ပြန်လည်တွေ့ရှိခဲ့တာပါ။

သြဂုတ်လ ၁၆ ရက်က ပိုးတွေ့ရှိခဲ့တဲ့ စစ်တွေမြို့ကလူနာအမှတ် ၃၇၅ ကအစပြုပြီး ပြည်တွင်းကူးစက်မှုတွေ အစုလိုက်အပြုံလိုက်ဖြစ်လာခဲ့ပြီးတဲ့နောက် အစိုးရက ရောဂါပိုးကူးစက်မှုကို အလျင်အမြန်ထိန်းချုပ်နိုင်ဖို့ ကန့်သတ်ချက်တွေ ပြန်လည်စတင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကို Stay at Home နေဖို့ ညွန်ကြားချက်ထုတ်ပြန် 

လူနာအမှတ် ၃၇၅ ကတစ်ဆင့် ထပ်ဆင့်ကူးစက်မှုတွေဟာ လေးရက်အတွင်း ပိုးတွေ့ရှိသူ (၉) ဦးအထိရှိလာခဲ့တာကြောင့် သြဂုတ်လ (၂၀) ရက်ကစပြီး စစ်တွေမြို့ကပြည်သူတွေကို Stay at Home (အိမ်မှာပဲနေထိုင်ကြဖို့) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ 



အဲဒီနောက် ရောဂါပိုးကူးစက်ခံရသူတွေကို ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး၊ အစရှိတဲ့ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ထပ်မံတွေ့ရှိပြီးတဲ့နောက် သြဂုတ်လ ၂၅ ရက်မှာ ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်တို့ကိုလည်း Stay at Home အဖြစ် ထပ်မံကြေညာခဲ့ပါတယ်။

လက်ရှိ ရောဂါပိုးကူးစက်ခံရသူတွေဟာ ရခိုင်ပြည်နယ်တစ်ခုတည်းမှာတင် ၁၈၅ ဦးအထိ ရှိလာခဲ့တာကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံးက ပြည်သူတွေကို Stay at Home နေကြဖို့ အစိုးရက သြဂုတ်လ ၂၆ ရက်ညပိုင်းက ထပ်မံ ကြေညာခဲ့ပြီး ပြည်နယ်အတွင်းလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ စားနပ်ရိက္ခာထောက်ပံ့မှုတွေနဲ့ ရောဂါထိန်းချုပ်ရေး ကိစ္စရပ်တွေကို အစိုးရက အပြည့်အ၀ ဖြည့်ဆည်းဆောင်ရွက်ပေးမယ်လို့လည်း ပန်ကြားထားပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူတွေ မိမိနေအိမ်မှာနေထိုင်ဖို့၊ ပြည်နယ်အတွင်း ခရီးသွားလာတာနဲ့ အခြားဒေသတွေကို ခရီးထွက်ခွာတာကို မလိုအပ်ဘဲ မလုပ်ကြဖို့ ၊မဖြစ်မနေ ခရီးသွားဖို့ ရှိပါက သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်ရမှသာ သွားရောက်ကြဖို့၊ ရောက်ရှိတဲ့နေရာမှာ ကျန်းမာရေးစစ်ဆေးမှု ခံယူပြီး ကွာရန်တင်း၂၁ ရက်နေထိုင်ကြဖို့၊ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အမိန့်နဲ့ ညွန်ကြားချက်တွေကို တိကျစွာလိုက်နာဖို့ ညွန်ကြားထားပါတယ်။

ညွန်ကြားချက်ထဲမှာ အစိုးရဌာန၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ၊ စက်ရုံ၊အလုပ်ရုံမှာ လုပ်ကိုင်နေသူတွေကလွဲရင် ပြည်သူများနေအိမ်မှာသာနေထိုင်ဖို့၊ မဖြစ်မနေ ဈေးဝယ်ဖို့လိုအပ်ရင် တစ်အိမ်ကိုတစ်ဦးသာသွားဖို့၊ ဆေးရုံ၊ဆေးခန်းသွားမယ်ဆိုရင်လည်း တစ်အိမ်ကို နှစ်ဦးသာသွားဖို့၊ အပြင်ကိုသွားရင် နှာခေါင်းစည်းတပ်ဖို့၊ တာဝန်ထမ်းဆောင်မယ့်သူတွေကို ပို့ဆောင်မယ့်ယာဉ်တွေနဲ့ ဖြတ်သန်းခွင့်ပြုထားတဲ့ ယာဉ်တွေကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုဖို့၊ ဈေးဝယ်တာ၊ ဆေးရုံ၊ဆေးခန်းသွားပြတာအတွက် ယာဉ်မောင်းအပြင် နှစ်ဦးသာ သွားရောက်ဖို့ ဖြစ်ပါတယ်။ အရေးပေါ်ကိစ္စတွေကြောင့် အပြင်သွားလာလိုရင် ရပ်ကွက်အုပ်ချုပ်ရေးရဲ့ ခွင့်ပြုချက်ရမှ သွားလာဖို့နဲ့ ပြန်လာပါကလည်း ရပ်ကွက် (အပြင်/အတွင်း) ကို ဝင်၊ထွက်ခွင့်မပြုဖို့ အုပ်ချုပ်ရေးမှူးတွေ က ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီအမိန့်ကို မလိုက်နာရင်တော့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။

ရခိုင်ကနေ သြဂုတ် ၁၀ ရက်နောက်ပိုင်းပြန်လာသူတွေ သတင်းပို့ရန်

သြဂုတ်လ ၁၀ ရက်ကစပြီး စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်း ရောဂါကူးစက်ဖြစ်ပွားနေတဲ့ မြို့နယ်တွေကို ခရီးသွားလာခဲ့ရင် နီးစပ်ရာ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ချက်ချင်းသတင်းပို့ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ဖို့ ရခိုင်ပြည်နယ်အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်တွေမှာထပ်မံကူးစက်ပျံ့နှံ့မှုမရှိစေဖို့ အခုလို ညွန်ကြားရတာဖြစ်ပြီး မိမိမှာရောဂါပိုးကူးစက်ခဲ့ရင် အချိန်မီကုသမှုခံယူနိုင်ပြီး မိသားစုနဲ့ နီးစပ်ရာတွေကို ပိုးစက်မှုတွေက ကာကွယ်နိုင်မှာဖြစ်တာကြောင့် သတင်းပေးပို့ကာ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ ဝန်ကြီးဌာနက တိုက်တွန်းထားတာပါ။

ပြည်ပလေကြောင်းလိုင်းပြေးဆွဲခြင်းကို စက်တင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်

လေကြောင်းခရီးသွားလာခြင်းကတစ်ဆင့် မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ဖို့ ကန့်သတ်ချက်တွေ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ရန်ကုန်လေဆိပ်က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေယာဉ်များပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ဖို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ညွန်ကြားခဲ့ကြောင်း ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီးတဲ့နောက် ဧပြီလကစတင်ကာ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပိတ်သိမ်းထားခဲ့ရာမှာ အခုဆို ခြောက်ကြိမ်မြောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် အခုလတ်တလောမှာ ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းကူးစက်မှုတွေကြောင့်လည်း ရခိုင်ပြည်နယ်ကို သွားရောက်တဲ့ အဝေးပြေးယာဉ်လိုင်းတွေမှာ လိုက်ပါစီးနင်းတဲ့ခရီးသည်တွေ မရှိတော့တာကြောင့် ပိတ်ထားရတယ်လို့လည်း YRTA ကနေသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က