ဒီနေ့မနက်မှာ ရောက်ရှိလာခဲ့တာပါ။
Mi Thawdar Aung

တစ်ရက်ကို လူပေါင်းတစ်ထောင်ကျော် COVID-19 ရောဂါပိုးစစ်ဆေးပေးနိုင်တဲ့ ဓာတ်ခွဲစစ်ဆေးစက်ဟာ ဒီနေ့ ဧပြီလ ၂၂ ရက် မနက်ပိုင်းမှာတော့ ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL ) ကို ရောက်လာပြီလို့ NHL မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုအတည်ပြုပြောပါတယ်။

ဒီနေ့ မနက် ၄ နာရီခန့်မှာ ရောက်ရှိလာတာဖြစ်ပြီး လက်ရှိမှာတော့ စက်ကို တပ်ဆင်မှုတွေ ပြုလုပ်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ အခု ကျွန်မတို့ စက်ကို ပုံးဖောက်ပြီး စပြီး ဆင်နေပါပြီ။ ဝန်ထမ်းတွေကိုတော့ ဒီစက်နဲ့ ပတ်သက်ပြီး Training ပေးရဦးမယ်။ ဒီစက်ကို ၂၄ နာရီလုံးလုံး မနားမနေသုံးမယ်ဆိုရင် လူ ၁၃၀၀ ကျော်၊ ၁၄၀၀ ခန့်လောက်အထိ စစ်ဆေးနိုင်တာပေါ့။ ဒီထက်ပိုပြီး အများကြီးစစ်ဆေးနိုင်တော့မှာပေါ့” လို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

Photo- Saw Nay Nwe Fb

COVID-19 ရောဂါပိုးရှိမရှိကို အလိုအလျောက်စနစ်နဲ့ စစ်ဆေးပေးနိုင်တဲ့ ဆွစ်ဇာလန်နိုင်ငံထုတ် Cobas 6800 Analyzer စက်တစ်လုံး၊ ဒီစက်နဲ့ အတူ တွဲဖက်သုံးစွဲရတဲ့ လူအယောက် ၁၁၀၀ ကျော်ကို စစ်ဆေးပေးနိုင်တဲ့ အမေရိကန်နိုင်ငံထုတ် ရောဂါရှာဖွေရေးဆေးရည် SARS-CoV-2 Reagent တို့ကို AA Medical Products Ltd (Pacific-AA Foundation) က ဦးဇော်မိုးခိုင်နဲ့ ဒေါက်တာ စောနေနွယ် မိသားစုတို့က လှူဒါန်းတာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါစက်တွေကို အမေရိကန်နိုင်ငံကနေ ဂျာမနီနိုင်ငံ Frankfurt လေဆိပ်ကတစ်ဆင့် ဘန်ကောက်လေဆိပ်ကို ရောက်ရှိလာပြီး မြဝတီ၊ ကော့ကရိတ် အာရှလမ်းမကြီးကနေ ရန်ကုန်ကို သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ဒီစက်တွေဟာ ရောဂါပိုးရှိ၊မရှိကို ၈ နာရီအတွင်းမှာ လူပေါင်း ၃၈၀ ကျော်ကိုစစ်ဆေးနိုင်ပြီး ၂၄ နာရီအတွင်းတော့ လူပေါင်း ၁၃၀၀ ခန့်ကိုစစ်ဆေးပေးနိုင်မယ်လို့လည်း သိရပါတယ်။

လက်ရှိတော့ ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာ တစ်နေ့ကို လူပေါင်း ၃၀၀ ခန့်ကို ရောဂါပိုးရှိမရှိ စစ်ဆေးပေးနေတာဖြစ်ပါတယ်။

ဒီရောဂါပိုးစစ်ဆေးတဲ့စက်ဟာ မြန်မာနိုင်ငံအတွင်းမှာ ရန်ကုန်မြို့ တစ်ခုတည်းမှာပဲရှိတာကြောင့် နောက်ပိုင်းမှာတော့ မန္တလေးမြို့မှာပါ ထားရှိနိုင်ဖို့ အတွက် ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေသိရပါတယ်။


က္က