ဈေးသူဈေးသားတွေအနေနဲ့ သတ်မှတ်ချက်တွေကို လိုက်နာဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
Kyaw Ko Ko Sint

 ဧပြီ ၂၄မှာ ပြန်ဖွင့်မယ်လို့သတင်းထွက်ခဲ့သေးပေမယ့် အမှန်တကယ်မှာတော့ မေ ၁၆ ရက်မှသာ တရားဝင် ပြန်ဖွင့်နိုင်ခဲ့တာပါ။

ဧပြီလ ၁၀ရက်နေ့က စတင်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်က ကုန်တိုက်တွေကို ဆေးဆိုင်နဲ့စားသောက်ကုန်ဆိုင် တွေကလွဲပြီး ကျန်ဆိုင်အားလုံးပိတ်ဖို့ တိုင်းအစိုးရက အမိန့်ထုတ်ပြန်ထားခဲ့ပါတယ်။ လက်ရှိမှာတော့ မေ ၁၆ရက်နေ့ကစတင်ပြီး မြို့နယ်အတွင်းရှိ ဈေးကုန်တိုက်တစ်ခုဖြစ်တဲ့ ယုဇန ပလာဇာကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုပြီလို့မင်္ဂလာတောင်ညွန့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ရဲ့ ပြောပြချက်အရသိရပါတယ်။

“ဒီနေ့ပဲဈေးစတင်ဖွင့်ပါတယ်။တချို့ဆိုင်တွေကတော့ တစ်နေကုန်ဆိုင်မဖွင့်ပဲ ပုံမှန်ဝယ်သူက ဖုန်းဆက်လာမှ ဆိုင်ကိုလိုက်ဖွင့်ပြီးရောင်းချတဲ့ပုံစံမျိုးနဲ့ ရောင်းသလို တချို့ကလည်း တစ်နေကုန်ဖွင့်ထားတာရှိပါတယ်။ဈေးဝယ် သူတွေကိုတော့ အဝင်အဝမှာကတည်းက သတ်မှတ်စည်းကမ်းတွေလိုက်နာဖို့ နှိုးဆော်ထားတဲ့ဆိုင်းဘုတ်တွေ ကပ်ထားတာလည်း ရှိပါတယ်။နောက်ပြီး အရင်ကလိုမျိုးစည်ကားတိုးကြိတ်ပြီးတော့လည်း ဈေးတွေဝယ်မနေ ကြပါဘူး။”လို့ ဦးရန်အောင်က ဈေးအခြေအနေကို ပြောပြပါတယ်။

COVID-19ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိတဲ့ကာလမှာ မြန်မာနိုင်ငံအတွင်း ညမထွက်ရအမိန့်အပြင် မလိုအပ်ပဲ အိမ်ထဲက အိမ်ပြင်မထွက်ဖို့နဲ့အပြင်ထွက်ပါကလည်း မျက်နှာဖုံးစည်းများကို သေချာတပ်ဆင်ဖို့ ဒေသန္တရအမိန့် ထုတ်ပြန်ထားခဲ့ပါတယ်။

လက်ရှိမှာတော့ ညမထွက်ရအမိန့် ၁၀နာရီမှ ၄နာရီအထိကို ၁၂နာရီမှ ၄နာရီအထိ ပြောင်းလဲသတ်မှတ်ပေးခဲ့ပြီဖြစ်သလို စားသောက်ဆိုင်တွေကိုလည်း ဆိုင်ထိုင်သုံးဆောင်ခွင့်ပြန် လည်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ COVID-19 ရောဂါပိုးအတည်ပြုလူနာ ၁၈၂ဦးအနက် ၈၉ဦးရောဂါပိုးကင်းစင်သွားပြီဖြစ်ပြီး ၇၄ဦးကတော့ ဆေးရုံကပါ ဆင်းခွင့်ရကာ ၆ဦးကတော့ သေဆုံးသွားပါပြီ။


ဆက်စပ်အကြောင်းအရာများ


က္က