Mi Thawdar Aung

မွန်ပြည်နယ် ရေးမြို့မှာ တစ်မြို့လုံးနီးပါး ရေဖုံးလွှမ်းမှုကြောင့် လူ ၉၀၀၀ ကျော် ယာယီပြောင်းရွှေ့ခဲ့ရပြီး ပိတ်မိနေသူတွေလည်း ရှိနေသေးတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက  ခေါ်ထုတ်နေတယ်လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့က နေ သိရပါတယ်။


Photo- Myanmar Fire Services Dept

ရေဘေးသင့် ပြည်သူ ၉၀၀၀ ကျော်ဟာ ရေးမြို့နယ် အားကစားခန်းမနဲ့ ရွှေဆံတော်ဘုရားတို့မှာ ကူညီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေပြီး လက်ရှိအချိန်ထိ လူ တစ်ရပ်စာ နစ်မြုပ်နေပြီး ရေပြန်လည် ကျဆင်းခြင်းမရှိသေးဘူးလို့ သိရပါတယ်။

“ ပိတ်မိနေသူတွေ ရှိနေပါသေးတယ်။သူတို့ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြန်လည် ခေါ်ထုတ်နေတယ်။ တစ်မြို့လုံးနီးပါး ၉၀ ရာခိုင်နှုန်းလောက် ရေနစ်မြှုပ်နေတာပါ။ အခုအချိန် ထိ ရေမကျသေးပါဘူး” လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ဦးက Duwun ကိုပြောပါတယ်။

Photo- Myanmar Fire Services Dept

ရေကြီးမှုကြောင့် ရေးမြို့ရဲ့ နေရာတစ်ချို့မှာနေအိမ်တွေ ပြိုကျခြင်း၊ မျောပါခြင်းတွေ ရှိခဲ့ပေမယ့် အသက်သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများ မသိရှိရသေးဘူးလို့

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေကို  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီက ဆန်အိတ်(၅၀)၊ ခေါက်ဆွဲခြောက် အထုပ်(၃၀၀၀)၊ ကြက်ဥ (၁၅၀၀)လုံး၊ ငါးသေတ္တာ(၅၀၀)ဗူး၊ ပြည်နယ်အစိုးရက ဆန်အိတ် (၅၀)၊ တပ်မတော်မှ ဆန်အိတ်(၁၀၀) တို့ကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ရေးမြို့ရှိ ပြည်သူတွေ ပြောကြားချက်အရ အခု ရေကြီးမှုဟာ နှစ်ပေါင်း (၃၀) အတွင်း ထူးထူးခြားခြား ဘေးဖြစ်ရပ် တစ်ခုဖြစ်ပြီး မနေ့ညက ရေကြီးမှု မဖြစ်ပွားမီက ပြည်သူအများစုက နေအိမ်များကို စွန့်ခွာပြီး ယာယီရေဘေးရှောင်စခန်းတွေမှာ ကြိုတင်လာရောက်နေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က