ဇွန်လ ၂၆ ရက်ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းလုပ်သွားမှာပါ။

မည်သူမဆို စာ တစ်နာရီ ဖတ်ရင် ငွေတစ်ထောင်ရမည့် အစီအစဉ်တစ်ခုကို Royal Job Agency ကုမ္ပဏီကနေ စီစဉ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ညနေ (၆) နာရီ ည (၇) နာရီအထိ တစ်နာရီ အတိ စာလာဖတ်တဲ့သူတွေကို လမ်းစရိတ် ငွေ တစ်ထောင်ပေးသွားမယ်လို့သိရပါတယ်။

Photo - Royal Job Agency



“ စာအုပ်တွေရှိတယ်ဆိုရင် လာဖတ်ချင်မှ လာဖတ်မှာ။ ကျွန်တော်က ငွေတစ်ထောင်ပေးမယ်။ လာဖတ်ပါ။ အဲလိုမျိုးလေးတွေ စီစဉ်ထားတယ်။ ရိုးရိုးခေါ်ရင် လာမှာမဟုတ်ဘူး။ ဒီလိုမျိုးလေး လုပ်လိုက်တော့ အားလုံးစိတ်ဝင်စားကြမယ်ထင်လို့ပါ” လို့ စီစဉ်သူ Royal Job Agency မှ မန်နေဂျင်းဒါရိုက်တာ က Duwun ကိုပြောပါတယ်။

ကော်ဖီ၊မုန့်တွေလည်း အခမဲ့တိုက်ကျွေးမှာ ဖြစ်ပြီး စာဖတ်နေချိန် ဖုန်းလုံးဝသုံးစွဲခွင့် ပြုမှာ မဟုတ်ဘူးလို့သိရပါတယ်။

ဒီအစီအစဉ်ကို စိတ်ဝင်စားလို့ လာရောက်စာရင်းပေးသွင်းတဲ့သူတွေလည်း များပြားနေပြီး တစ်ရက်ကို ၁၅ လက်ခံထားတယ်လို့သိရပါတယ်။

 “ မနက်ဖြန်  ဇွန်လ ၂၆ ရက် (ဗုဒ္ဓဟူး) နေ့မှာစပါမယ်။ တစ်ပတ်ကို တစ်ရက်ပါ။ အချိန်က တစ်နာရီပဲ ဖတ်ဖို့ပေးထားတယ်။ အကြာကြီး ဘယ်သူမှ မဖတ်ချင်ကြတော့ဘူး။ လုံး၀ မဖတ်တာနဲ့စာရင် ဆောင်းပါးလေးတစ်ပုဒ်၊ တစ်မျက်နှာလောက်ဖတ်ရင်ကို တော်တော်လေး အကျိုးရှိမှာပါ” လို့ ဆိုပါတယ်။

အပတ်စဉ် လာဖတ်မယ့်သူတွေအတွက် စာအုပ်တွေ မထပ်အောင် စီစဉ်ထားပြီး ဘ၀ တိုးတက်မှုအတွက် အထောက်အကူဖြစ်မယ့် စာအုပ်တွေကို စီစဉ်ထားတယ်လို့ဆိုပါတယ်။

လူတိုင်းစာဖတ်လာစေရန်၊စာဖတ်ခြင်းကနေ မှန်ကန်တဲ့ဘ၀ အတွေးအခေါ်တွေ ရရှိပြီး မိမိဘဝကို တိုးတက်ဖို့အခုစာဖတ်တဲ့အစီအစဉ်ကို စတင်တာဖြစ်တယ်လို့သိရပါတယ်။

နောက်ပိုင်းမှာတော့ စိတ်ဝင်စားတဲ့သူတွေ များပြားလာရင် စာရေးသူနဲ့ စာဖတ်သူအကြား ဆွေးနွေးဖလှယ်ပွဲတွေ၊ စာပေစကားဝိုင်းတွေလည်း ထည့်သွင်းကျင်းပမယ်လု့ိသိရပါတယ်။

စာဖတ်ချင်သူတွေအနေနဲ့ Royal Job Agency ၊ အမှတ်(၁၈)၊ ၆လွှာ၊ဘီ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ကမာရွတ်မြို့နယ် ဖုန်းနံပါတ် ၀၉-၄၀၀၄၀၀၇၆၉ ကို ဆက်သွယ်စာရင်းပေးနိုင်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က