Hmue Eain Zaw

မြန်မာတစ်နိုင်ငံလုံ းအတိုင်းအတာနဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအခြေအနေဟာ လွန်ကဲအဆင့်ကို ရောက်ရှိနေတာကြောင့် သတိပြုကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

Photo - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာ လွန်ကဲအဆင့်ဖြစ်တဲ့အဆင့် ၁၁ မှာ ရောက်ရှိနေတာကြောင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ပိုမိုကျရောက်နိုင်မှုကို သတိပြုကျဖို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ပူပြင်းသောနေရောင်ခြည်ကျရောက်နိုင်တဲ့ နံနက် (၁၀) နာရီကနေ ညနေ (၄)နာရီခန့်အတွင်း နေရောင်ခြည်အောက်မှာ အလုပ်လုပ်ကိုင်သူတွေ၊ သင်္ကြန်ရေ ကစားသူတွေ နဲ့ ကလေးငယ်တွေဟာ ခရမ်းလွန်ရောင်ခြည်အန္တရာယ် ဆိုးကျိုးများခံစားရနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဟာ မျက်စိကိုလည်း ထိခိုက်စေနိုင်တာကြောင့် အလှအပ သက်သက်ထုတ်လုပ်ထားတဲ့နေကာမျက်မှန်တွေထက် ခရမ်းလွန် ရောင်ခြည်ကို ၉၉% အထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်တွေကို အသုံးပြုဖို့၊ အသားကိုနေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ စေဖို့၊ သနပ်ခါး ထူထူ ဒါမှမဟုတ် SPF 15+ ပါဝင်တဲ့နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ (၁၅) မိနစ်ခန့် ကြိုလိမ်းကြဖို့ တိုက်တွန်းထားပါတယ်။

ခရမ်းလွန်ရောင်ခြည်ဟာ လတ်တလော ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုမဲလာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှု ကာလကြာလာရင် မျက်စိတိမ်စွဲတာ၊ အရေပြားတွေ အရွယ် မတိုင်ခင် အိုမင်းရင့်ရော်တာ၊ ခုခံအားကျဆင်းလာတာ၊ အရေပြားကင်ဆာဖြစ်စေတာ စတဲ့ ဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်။

ကလေးတွေဟာ လူကြီးတွေထက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုပြီးခံရနိုင်တာကြောင့် ကလေးတွေကို နေပူထဲမှ ဆော့ကစားခြင်းမပြုလုပ်စေဖို့ နဲ့ အရွယ်ငယ်တဲ့ ကလေးတွေကို နေပူထဲ မခေါ်ကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က